အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ပေါင်    မတ်  ၂၆

          စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနလူထုဗဟိုပြုစီမံကိန်းမှ  “ခွင့်တူညီရေးစဉ်းစားလို့ စွမ်းရည်မြှင့်ရေးအလေးပေးဖို့၊ ပြောင်းလဲမှုကိုဖန်တီးစို့” ဟူသောဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနား အားမတ်လ ၂၆ ရက်ကပေါင်မြို့နယ် အထကရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌဒေါ်ခိုင်ခိုင်လဲ့ မှ ကော်မတီ၏ ဆောင်ရွက်ချက်များနှင့်ဖြေရှင်းခဲ့ရသော ဖြစ်ရပ်များကို မျှဝေခဲ့ပါသည်။

          ဆက်လက်၍ မွန်ပြည်နယ်စီမံကိန်းတာဝန်ခံဦးဇော်မျိုးလွင်မှ လူထုဗဟိုပြုစီမံကိန်းတွင် ထည့်သွင်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသောကျား-မရေးရာအခန်းကဏ္ဍများ အကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ပေါင်မြို့နယ် ဒုတိယဥပဒေအရာရှိမှ အမျိုးသမီးနှင့် ဥပဒေ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။ Gender Equality Networkမှ ချီးမြှင့်သော အမျိုးသမီး စွမ်းဆောင်ရည်ချန်ပီယံဆုရရှိသူမွန်အမျိုးသမီးမိချယ်ရီစိုးမှ ကျား-မရေးရာတန်းတူညီမျှမှုဖြစ်ရန် လိုအပ်သည့် အတွေးအခေါ်များကို မျှဝေခဲ့ပါသည်။

          မွန်ပြည်နယ်အတွင်းအမျိုးသမီးများအတွက် ရည်ရွယ်၍ စီမံကိန်းများအကောင်အထည်ဖော် လျှက်ရှိသော Care Myanmar အဖွဲ့နှင့် မွန်ပြည်နယ် လူမှုထူးချွန်မှုဂုဏ်ထူးဆုရရှိခဲ့သော နွေးထွေးသောရင်ခွင် အဖွဲ့တို့မှလည်းအဖွဲ့၏လုပ်ငန်းဆောင်တာများအကြောင်းကိုမျှဝေခဲ့ပါသည်။

          အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသော CDD Women Network အဖွဲ့မှ ဒေါ်အုန်းမြင့်မှ “ဒီလိုမျိုးဗဟုသုတနဲ့ အသိပညာတွေရပြီးအမျိုးသမီးတွေ စိတ်ဓာတ်တက်ကြွစေမယ့် စကားတွေကြားရတဲ့ ဒီလိုအခမ်းအနားမျိုးကိုလူထုဗဟိုပြုစီမံကိန်းကဖိတ်လို့သာသိခွင့်ရခဲ့တာပါ။ အခုဒီအခမ်းအနားကိုတက်လိုက်တဲ့အတွက် အမျိုးသမီးနဲ့ပတ်သက်တဲ့ဥပဒေတွေရော ၊ အမျိုးသမီး တွေကိုယ်တိုင် ရဲစွမ်းသတ္တိရှိဖို့အတွက်ရောအမျိုးသမီးအချင်းချင်းကဲ့ရဲ့မနေပဲကူညီစောင့်ရှောက်ဖို့ တွေပါ သိလာတယ်” ဟုကျေးဇူးတင်စကားပြောကြားပြီးအခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။