ပေါက်မြို့နယ်၊ ငမို့လေးကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ပေါက် စက်တင်ဘာ  ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ငမို့လေးကျေးရွာတွင် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း ထောက်ပံ့ရန်ပုံငွေဖြင့်  အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ပေါက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ငမို့လေးကျေးရွာ၌ ယခင်က ကျေးရွာတွင်းလမ်းများမှာ မိုးရာသီတွင် ရွှံဗွက်များထကာ သွားလာရေးခက်ခဲခဲ့ကြောင်း၊  ယခုအခါ လူထုဗဟိုပြုစီမံကိန်းမှ တတိယနှစ်စက်ဝန်းထောက်ပံ့ရန်ပုံငွေကျပ် ၉၉ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၃ ဒသမ ၅၀၇ သိန်း၊ စုစုပေါင်းငွေကျပ် ၁၁၂ ဒသမ ၅ဝရသိန်းဖြင့် ကျေးရွာတွင်းလမ်း အရှည် ၈၂၂ ပေ အကျယ် ၁၈ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပေါက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်က ပြောပြ၍ သိရသည်။

အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးဝင်းမော်ဌေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်၊ တိုင်းဒေသကြီး အဆင့် ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ငမို့လေးကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ကျေးရွာသူကျေးရွာသားများအနေဖြင့် လမ်းရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် လမ်းညွှန်မှာကြားပါသည်။

ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာအားလုံး၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စက်ဝန်းဖြင့် လမ်းလုပ်ငန်း(၉၅)ခု၊ တံတားလုပ်ငန်းရှစ်ခု၊ စာသင်ကျောင်းပြုပြင်တည်ဆောက်ခြင်း လုပ်ငန်း(၅၆)ခု၊ ကျေးလက်မီးလင်းရေးလုပ်ငန်း(၇၆)ခု၊ ကျေးလက်ရေရရှိရေးလုပ်ငန်းရှစ်ခု၊ ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ခြင်း လုပ်ငန်းကိုးခု၊ ရေကာနံရံနှင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း ရှစ်ခု၊ အားကစားကွင်းတည်ဆောက်ခြင်းတစ်ခု စုစုပေါင်းလုပ်ငန်း(၂၆၁)ခုကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၃၀၇၃ သန်း၊ ပြည်သူထည့်ဝင်ငွေများဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။