နှစ်စဉ်ရေပြတ်လပ်မှုနှင့်ကြုံတွေ့နေရသော အညာဝါးဘင်းကျေးရွာ ရေရရှိ

 

ထီးလင်း မေ  ၂၉

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ အညာဝါးဘင်းကျေးရွာ အုပ်စု၊ အညာဝါးဘင်းကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (CDD) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် အိမ်တိုင်ရာ ရောက်ရေးပေးရေးလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်  အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှသိရသည်။

“ကျွန်တော်တို့ရွာက အိမ်ခြေ (၁၅၆)အိမ်ရှိပြီး လူဦးရေက (၆၉၅)ဦးရှိတဲ့ ရွာလေးတစ်ရွာပါ၊ နွေအခါမှာ အိမ်ခြေ(၁၀၀)ခန့်က နှစ်စဉ် ရေပြတ်လပ်မှုနဲ့ အမြဲကြုံတွေရပါတယ်၊ ရေရှိတဲ့နေရာလေးတွေမှာ ကလေးကော လူကြီးပါမကျန် ရေခပ်ရတာနဲ့ပဲအချိန်ကုန်နေတယ်၊  ဒီနှစ်မှာတော့ လူထုဗဟိုပြုစီမံကိန်းပံ့ပိုးမှုကြောင့် ရေပြတ်လပ်မှု မရှိတောဘဲ ရွာသူရွာသားတွေအားလုံး ဝမ်းသာနေတာပေါ့၊ လူထုဗဟိုပြုစီမံကိန်းကပံ့ပိုးတဲ့ငွေကြေးနဲ့၊ နည်းပညာကို ကျေးရွာလူထုလုပ်အားတွေနဲ့ပေါင်းစပ်လိုက်တော့  နွေရာသီမှာသာယာစိုပြေ သွားတာပေါ့လို့” ကျေးရွာစီမံကိန်း အထောက် အကူပြု ကော်မတီဥက္ကဌ  ဦးစန်းအောင်က ပြောသည်။

“ အဆိုပါ အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်းမှာ ကျေးရွာနှင့် တစ်မိုင်ကျော်ဝေးကွာသော ရေထွက်ပင်ရင်းမှ ရေစုကန်အထိ PVC နှစ်လက်မပိုက် (၆၈၀၀)ပေ၊ ရေစုကန်မှ ကျေးရွာရှိနေအိမ်များသို့ တစ်လက်မခွဲပိုက် ပေ(၉၀၀၀)ကျော် ဖြင့် သွယ်တန်းဆောင်ရွက်ခဲ့ပြီး၊ အလျား(၁၂)ပေ၊ အနံ(၁၂)ပေ၊ အမြင့်(၆)ပေ ရေစုကန်(၂)ကန်နှင့် အမြင့် (၅)ပေ(၆)လက်မ၊ အလျား(၃)ပေ၊ အနံ(၃)ပေရှိ၊ ရေစစ်ကန်တစ်ကန် တို့အား  လူထုဗဟိုပြုစီမံကိန်းပံ့ပိုးငွေကျပ် (၂၀.၃၅)သန်း၊  ကျေးရွာလူထုမှထည့်ဝင်ငွေကျပ် (၀.၀၄၉)သန်းဖြင့် ၂၀၁၉ခုနှစ် ဖေဖေါ်ဝါရီလမှစတင်ဆောင်ရွက်ခဲ့တာပါ။ လက်ရှိမှာ ရာနှုန်းပြည့်ပြီးစီးပါပြီ” ဟု လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးအေးထွန်းမင်းက ပြောသည်။

ထီးလင်းမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းတတိယနှစ်စက်ဝန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ  ကျေးရွာ(၉၃)ရွာတွင် ကျေးရွာမီးလင်းရေးလုပ်ငန်း (၄၄)ခု၊ စုရပ်ဆောင် တည်ဆောက်ခြင်းလုပ်ငန်း (၁၉)ခု၊  ကျေးရွာတွင်းလမ်းပြုပြင်ခြင်းလုပ်ငန်း (၁၈)ခု၊ ရေပေးဝေရေး လုပ်ငန်း(၁၂)ခု၊ စာသင်ကျောင်းခြံစည်းရုံးပြုပြင်ခြင်းလုပ်ငန်း (၁)ခု၊ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း (၁)ခု၊ ရေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း (၇)ခု၊ လမ်းဘေးကျောက်စီ ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း (၆)ခု၊ အားကစားကွင်းတည်ဆောက်ခြင်းလုပ်ငန်း(၄)ခုနှင့် အများသုံးအိမ်သာ တည်ဆောက်ခြင်း လုပ်ငန်း (၁)ခု၊ စသည့် စီမံကိန်းလုပ်ငန်းခွဲပေါင်း (၁၁၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။   စိုးမိုးကျော်(DRD)