သတင်းပြန်ကြားဆက်သွယ်ရေး၊ ဝေဖန်အကြံပြုတိုင်ကြားချက်ဖြေရှင်းရေးနှင့် ကျား-မရေးရာမွမ်းမံသင်တန်းပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော လူထုစည်းရုံးရေးမှူးများနှင့်လက်ထောက်နည်းပညာမှူးများအတွက် သတင်းပြန်ကြားဆက်သွယ်ရေး၊ ဝေဖန်အကြံပြုတိုင်ကြားချက်ဖြေရှင်းရေးမွမ်းမံသင်တန်းကို(၂၀.၅.၂၀၁၉)ရက်နေ့တွင်လည်းကောင်း၊ ကျား-မရေးရာမွမ်းမံသင်တန်းကို (၂၁-၂၂.၅.၂၀၁၉)ရက်နေ့များတွင်လည်းကောင်း တွန်းဇံမြို့၊ RC ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

 

သတင်းပြန်ကြားဆက်သွယ်ရေးနှင့်ဝေဖန်အကြံပြုတိုင်ကြားချက်ဖြေရှင်းရေး မွမ်းမံသင်တန်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များမှာ သတင်းပြန်ကြားဆက်သွယ်ရေးဖြစ်စဉ်နှင့်လမ်းကြောင်းကို ပိုမိုသိရှိလာစေရန်၊ လူထုဗဟိုပြုစီမံကိန်းတွင် အသုံးပြုသောသတင်းပြန်ကြားဆက်သွယ်ရေးအထောက်အကူပြုပစ္စည်းများ၊ လမ်းကြောင်းများနှင့်နည်းဗျူဟာများကို ပိုမိုသိရှိလာစေရန်၊ အခြေခံသတင်းရေးသားနည်းနှင့်အောင်မြင်မှုဇာတ်လမ်းရေးသားနည်းများကို ပိုမိုသိရှိလာစေရန်နှင့် ဝေဖန်အကြံပြုတိုင်ကြားချက်ဖြေရှင်းရေးစနစ်ထားရှိခြင်းနှင့်နည်းလမ်းများကို ပိုမိုသိရှိလာစေရန်တို့ဖြစ်ပါသည်။

 

ကျား-မရေးရာမွမ်းမံသင်တန်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ ကျား-မရေးရာအခြေခံသဘောတရားများကို ပိုမိုနားလည်လာစေရန်၊ စီမံကိန်းအတွင်း အကျိုးခံစားခွင့်ရှိသူများဖြစ်သော အမျိုး သမီး/အမျိုးသားများအကြား အခွင့်အာဏာတန်းတူညီမှုရရှိလာစေရန်နှင့် အတူတကွပူးပေါင်းဆောင်ရွက်မှုရှိရေးကို ကူညီပံ့ပိုးဆောင်ရွက်ရန်နှင့် စည်းရုံးရေးမှူးများ ကျား-မရေးရာအခန်းကဏ္ဍများဆောင်ရွက်ရာတွင် ကျား-မရေးရာဖွံ့ဖြိုးမှုချဉ်းကပ်နည်းများအသုံးပြုတက်လာစေရန်တို့ ဖြစ်ပါသည်။

သင်တန်းတွင် လူထုစည်းရုံးရေးမှူး(၁၆)ဦးနှင့် လက်ထောက်နည်းပညာမှူး(၈)ဦး စုစုပေါင်း (၂၄)ဦး တက်ရောက်ကြပါသည်။

အဆိုပါသင်တန်းကို ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှ သတင်းပြန်ကြားဆက်သွယ်ရေးတာဝန်ခံ ဒေါ်နီမဲင်းတီ၁လ်(ငယ်/ယာ-၂)၊ ဝေဖန်အကြံပြုတိုင်ကြားချက်ဖြေရှင်းရေးတာဝန်ခံ ဦးနန်ကိမ်းဆန်(ကြီး/ရေး)၊ ကျား-မရေးရာတာဝန်ခံ ဒေါ်စာရာလိန်း(ဒု-ဦးစီးမှူး)နှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့မှ လူမှုတာဝန်ခံမှု၊ တာဝန်ခံမှု၊ သတင်းပြန်ကြားဆက်သွယ်ရေးနှင့်ကျား-မရေးရာတာဝန်ခံ ဦးထန်းပက်လိန်းတို့မှ သင်တန်းပေးပို့ချခဲ့ကြပါသည်။