ပေါက်မြို့နယ် ကျောသာကျေးရွာ၌ စာသင်ကျောင်းဆောင်တိုးချဲဲ့ပြုပြင်ခြင်းဖွင့်ပွဲနှင့် ကွန်ကရစ်ဘီးလမ်းဖွင့်ပွဲကျင်းပ

 

ပေါက် မေ  ၁၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျောသာကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (CDD) ထောက်ပံ့ရန်ပုံငွေ၊ ဖြင့် ဆောင်ရွက်ခဲ့သည့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဆောက်တိုးချဲ့ပြုပြင်ခြင်းဖွင့်ပွဲနှင့် ကျေးရွာတွင် ကွန်ကရစ် ဘီးလမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)ဝန်း အတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်းတို့က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်က စာသင်ကျောင်းဆောင် တိုးချဲ့ပြုပြင်ဆောင်ရွက်ခဲ့မှု၊ ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်က စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပါသည်။

ထို့နောက် စာသင်ကျောင်းဆောင်တိုးချဲ့ပြုပြင်ခြင်းနှင့် ကွန်ကရစ်ဘီးလမ်းဖွင့်ပွဲမုုဒ်ဦးကို  တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန် ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

အဆိုပါ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စာသင်ကျောင်းဆောင် အလျား ၁၂၀ ပေ အနံ ၃၀ ပေ အမြင့် ၂၃ ပေ ပြုပြင်ခြင်းလုပ်ငန်းကို စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ် ၁၅၆ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၈ ဒသမ ၆၁၅ သိန်းဖြင့် လည်းကောင်း၊ ကျေးရွာတွင်း ကွန်ကရစ်ဘီလမ်း အရှည် ၈၅၀ ပေခင်းခြင်းလုပ်ငန်းကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၈၀ သိန်း၊ ပြည်သူထည့်ဝင်ငွေ ၅ ဒသမ ၉၅ သိန်းဖြင့်လည်းကောင်း လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

စိုးမိုးကျော်