မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှ စည်းရုံးရေးမှူးများသည် မြောင်မြို့နယ်သို့ စီမံကိန်းဆိုင်ရာဆောင်ရွက်မှုများအား သွားရောက်လေ့လာ

ချင်းပြည်နယ်၊ မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)မှ လူထုစည်းရုံးရေးမှူး(CF)များနှင့် လက်ထောက်နည်းပညာမှူး(TF)များသည် စီမံကိန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ အခက်အခဲများ၊ အားသာချက်နှင့်အားနည်းချက်များကို နှိုင်းယှဉ်လေ့လာနိုင်ရန်အတွက် မြောင်မြို့နယ်သို့ အပြန်အလှန်လေ့လာရေးခရီးကို (၁၈.၃.၂၀၁၉) ရက်နေ့မှ (၂၂.၃.၂၀၁၉) ရက်နေ့အထိ သွားရောက်ခဲ့ကြပါသည်။

(၁၉.၃.၂၀၁၉) ရက်နေ့တွင် မတူပီမြို့နယ်မှဝန်ထမ်းများသည် မြောင်မြို့နယ်CDDနှင့်DRD ဝန်ထမ်းများနှင့်မြောင်မြို့နယ်CDDရုံးခန်းတွင် တွေ့ဆုံခဲ့ကြရာ အပြန်အလှန်မိတ်ဆက်ခြင်းများပြုလုပ်ခဲ့ကြပြီး မြောင်မြို့နယ်မှ (၄)နှစ်အတွင်း စီမံကိန်းဆောင်ရွက်မှုများကို ရှင်းလင်းခဲ့ကြပါသည်။ ဆက်လက်၍ မြောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးအစည်းအဝေးခန်းမတွင် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီ(TPIC)နှင့် တွေ့ဆုံပွဲပြုလုပ်ရာ လေ့လာရေးအဖွဲ့မှ သိလိုသည်များကို TPIC ဥက္ကဌနှင့်တာဝန်ရှိသူများမှ ဖြေကြားပေးခဲ့ကြပါသည်။

(၂၀.၃.၂၀၁၉) ရက်နေ့နှင့်(၂၁.၃.၂၀၁၉)ရက်နေ့များတွင် မတူပီလေ့လာရေးအဖွဲ့သည် အဖွဲ့(၃)ဖွဲ့ခွဲကာ (၁)ရက်တွင် အဖွဲ့တစ်ဖွဲ့မှ ကျေးရွာ(၃)ရွာစီ၌ လေ့လာရေးသွားကြရာ (၂)ရက်အတွင်း စုစုပေါင်းကျေးရွာ(၁၈)ရွာကို သွားရောက်လေ့လာခဲ့ကြပြီး ကျေးရွာအုပ်စု/ကျေးရွာကော်မတီဝင်များမှ လေ့လာရေးအဖွဲ့များကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပြီး မိမိတို့ဒေသတွင်း စီမံကိန်းဆောင်ရွက်မှုများကို အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

အဆိုပါလေ့လာရေးခရီးတွင် မြောင်မြို့နယ်၊ ငါးရန့်အိုကျေးရွာအုပ်စု၊ မင်းလှကျေးရွာကော်မတီဝင်အမျိုးသမီးတစ်ဦးမှ“လူထုဗဟိုပြုစီမံကိန်းကြောင့် မိမိတို့ကျေးရွာလိုအပ်ချက်များကိုဆောင်ရွက်နိုင်ခဲ့ပြီး အမျိုးသမီးများနှင့်အမျိုးသားများပူးပေါင်း၍ လုပ်ငန်းများအတူတကွဆောင်ရွက်လာနိုင်ခဲ့သောကြောင့် လူထုဗဟိုပြုစီမံကိန်းကို ကျေးဇူးတင်ကြောင်းနှင့် စီမံကိန်းပြီးသွားရင်လည်း မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို CDDစီမံကိန်းအတိုင်း ဆောင်ရွက်ကြမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။