မိုးကောင်းမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း) အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ၈.၃.၂၀၁၉

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)မှ “ခွင့်တူညီရေးစဉ်းစားလို့ စွမ်းဆောင်ရည်မြှင့်တင်ရေး အလေးပေးဖို့၊ ပြောင်းလဲမှုကို ဖန်တီးစို့” အစီအစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်နေ့ Campaign ကို မတ်လ ၈ ရက် နံနက် ၁၀ နာရီက အုတ်ကျင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းမှ အမှာစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် ကျင်းပရသည့် ရည်ရွယ်ချက်ကို လူထုဗဟိုပြုစီမံကိန်း Team Leader ဒေါ်အေးအေးလင်းမှလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ သမိုင်းအကြောင်းကို မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်စန်းမှလည်းကောင်း ပြောကြားခဲ့ပါသည်။

            ဆက်လက်၍ မိုးကောင်းမြို့နယ်တွင်းကျေးရွာများမှ အမျိုသမီးကော်မတီဝင်များ၏ စီမံကိန်းဆောင်ရွက်ရာတွင် ပူပေါင်းဦးဆောင်မှုများကို ဗွီဒီယိုမှတ်တမ်းပြသခြင်းနှင့် ကျေးရွာကော်မတီဝင် အမျိုးသမီးကွန်ရက်အဖွဲ့ဝင်များမှ လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက်အခဲ များအား အားသာချက်များ၊ အားနည်းချက်များကို ဆွေးနွေးတင်ပြကြပြီးနောက် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးခေါင်းဆောင် ဒေါ်လုနန်မှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

            အဆိုပါအခမ်းအနားသို့ ကချင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ NGO များ ၊ ကျေးရွာအုပ်စု ၃၆ အုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ ၇၉ ရွာမှ စီမံကိန်းအထောက်အကူပြုကော်မတီဝင်များ၊ ကျေးရွာကော်မတီဝင်အမျိုးသမီးကွန်ရက်အဖွဲ့ဝင်များ၊ လူထုဗဟိုပြုစီမံကိန်းရုံးမှ ဝန်ထမ်းများ၊ စုစုပေါင်း ၂၃၀ ဦးတက်ရောက်ခဲ့ကြပါသည်။