ရွှေကူမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း) အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ၈.၃.၂၀၁၉

        ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်နေ့အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ မတ်လ ၈ ရက် နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်မှ အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။

            ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်မှ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။

            ဆက်လက်၍ လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကျော်ကျော်သိန်းမှ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု တလျှောက်လုံးတွင် ကျားမရေးရာအခန်းကဏ္ဍနှင့် အမျိုးသမီးများ ပူးပေါင်းပါဝင်မှုအရေးပါပုံကို ရှင်းလင်းပြောကြားပြီး ပူခိုင်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဥက္ကဌ ဒေါ်မိုးသန္တာချစ်၊ လူထုဗဟိုပြုစီမံကိန်းမှ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင် ဇီးဖြူကုန်းကျေးရွာမှ ဒေါ်ချိုဝင်း၊ ကျောက်တလုံးကျေးရွာမှ ဒေါ်ဥမ္မာတို့က စီမံကိန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက်အခဲများ၊ အောင်မြင်မှုများနှင့် အကြံပြုချက်များကို  ဆွေးနွေးပြောကြားပြီး၊ CEDAW မှ အမျိုးသမီးအခွင့်အရေးဆိုင်ရာ ဗွီဒီယိုပြသကာ  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးထွန်းကျော်ကျော်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

            ထို့နောက် တက်ရောက်လာသူများမှ ပြခန်းတွင် ခင်းကျင်းပြသထားသော အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှု၊ လုပ်ငန်းခွဲများစီမံဆောင်ရွက်မှုမှတ်တမ်းများကို ကြည့်ရှုလေ့လာပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံများ ရိုက်ကူပြီး အခမ်းအနားကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။