ပျဉ်းမနားမြို့နယ် လူထုဗဟိုပြု စီမံကိန်း(ဒုတိယနှစ် စက်ဝန်း) သက်ဆိုင်သူအဖွဲ့ပေါင်းစုံပါဝင်သောသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြုလုပ်သည့် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူ အဖွဲ့ပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို (၁၇.၇.၂၀၁၈)ရက်နေ့ နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်းသည် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် ၂ဝ၁၃ ခုနှစ်မှ စတင်၍အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ရှိအခြေအနေအထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း အပါအဝင် မြို့နယ်ပေါင်း(၆၃)မြို့နယ် အထိ ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ အတွင်းမှာ ၂ဝ၁၅ ခုနှစ်တွင် တပ်ကုန်းမြို့နယ်၊ ၂ဝ၁၆ ခုနှစ်တွင် လယ်ဝေးမြို့နယ်၊ ၂ဝ၁၇ ခုနှစ်တွင် ပျဉ်းမနားမြို့နယ်တွင် အကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိကြောင်းနှင့် စီမံကိန်းအနေဖြင့် ကျေးရွာကော်မတီများ ဖွဲ့စည်းရာတွင် ကျား၊ မ အချိုးညီစွာ ပါဝင် ဖွဲ့စည်းထားပြီး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်၊ ပွင့်လင်းမြင်သာပိုမို ကောင်းမွန် လာစေရန်၊ ပူပေါင်းဆောင်ရွက်မှု ကောင်းမွန်လာစေရန်တို့ကို ဦးစားပေးသည်တို့ကို တွေ့ရှိရကြောင်း အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။ ထို့နောက်တွင်ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်မှ အမှာ စကားပြောကြားပါသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမှ လူထုဗဟိုပြုစီမံကိန်းမှာ ကျေးလက်နေပြည်သူများအဆင့်အတန်းမြှင့်မားစေရေး၊ နည်းပညာ ဗဟုသုတများကိုအဓိကထားဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျေးရွာလူထုများမှ ကိုယ်တိုင် အကောင်ထည်ဖော်ဆောင်ရွက်ရသောလူထုဗဟိုပြုစီမံကိန်းဖြစ်သောကြောင်း(၁)နှစ်တာဆောင်ရွက်ချက်များကိုမြို့နယ်အဆင့်ပြန်လည်သုံးသပ်ခြင်းဖြစ်ကြောင်း၊အကောင်ထည်ဖော်ဆောင်ရွက်သော စီမံ ကိန်း လုပ်ငန်းခွဲများကိုလည်ပတ်ပြုပြင်ထိန်းသိမ်းရေးအစီအစဉ်ကိုသေချာရေးဆွဲထားရန် လိုအပ် ကြောင်း နှင့်ဒီမိုကရေစီစံနှုန်းနှင့်အညီဒီဇိုင်းရေးဆွဲထားသောစီမံကိန်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးတင်မောင်ဦးမှမြို့နယ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ များကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ယင်းနောက် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) လုပ်ငန်းများ ဆောင်ရွက်နေသည့်ကျေးရွာများမှအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ လူထုဗဟိုပြုစီမံကိန်း ကော်မတီဝင်များမှ လူထုဗဟိုပြုစီမံကိန်းနှင့် ပတ်သက်၍ မရှင်းလင်းသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့သည်။ ဆက်လက်၍အစည်းအဝေး တက်ရောက်သူကျေးရွာလူထုအား အုပ်စု(၇)စုခွဲ၍ ခေါင်း (၇)ခုအားအုပ်စုဖွဲ့ဆွေးနွေးစေခဲ့ပါသည်။ ထို့နောက်ပျဉ်းမနားမြို့နယ်လူထုဗဟိုပြုစီမံကိန််းနည်းပညာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ဌေးဦး မှဆုရွေးချယ်မှုအစီအစဉ်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ကျေးရွာအဆင့်(ပထမ)ဆု ကိုသကြားစက် ကျေးရွာ၊ကျေးရွာအဆင့်(ဒုတိယ)ဆုကိုမအူပင်ကျေးရွာနှင့်ကျေးရွာအဆင့်(တတိယ)ဆုကိုသစ်လေး လုံး ကျေးရွာမှရရှိခဲ့ပြီး ကျေးရွာအုပ်စုအဆင့်(ပထမ)ဆုကို ရွာသစ်ကျေးရွာအုပ်စု၊ ကျေးရွာအုပ်စု အဆင့်(ဒုတိယ)ဆုကို သစ်တွန်အုပ်စုကျေးရွာအုပ်စုနှင့် ကျေးရွာအုပ်စုအဆင့်(တတိယ)ဆုကို ကံဦး ကျေးရွာအုပ်စု တို့ရရှိခဲ့ပါသည်။

နိဂုံးချုပ်အမှာစကားကိုနေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဌေးဝင်း မှပြောကြားခဲ့ပြီး အခမ်းအနားကို ညနေ(၃)ရီတွင် အောင်မြင်စွာရုတ်သိမ်းခဲ့ ပါသည်။

အဆိုပါအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်ဦးအေးမောင်စိန်၊ ဒက္ခိဏခရိုင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မြင့်ဦး၊ပျဉ်းမနားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းစိုးအောင် ၊ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး ၊ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေး ၊နေပြည်တော် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဌေးဝင်း၊ နေပြည်တော် လူထုဗဟိုပြု စီမံကိန်းရုံးခွဲတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)ဦးတင်မောင်အေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ပျဉ်းမနားမြိုှု့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ကျေးရွာလူထုဗဟိုပြုစီမံကိန်းကော်မတီဝင်များ တက် ရောက် ကြကြောင်း သိရှိရပါသည်။