ငါန်းဇွန်မြို့နယ် လူထုဗဟိုပြုစီမံကိန်း မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲကျင်းပ

 

ငါန်းဇွန် ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ရည်ရွယ်၍ တတိယနှစ်စက်ဝန်း မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်း ပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ငါန်းဇွန်မြို့ မိုးသိင်္ဂ ီခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးက စီမံကိန်းအကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက အမှာစကား ပြောကြားပြီး CDD International Sepcialist Mrs.Chiက စီမံကိန်းနှင့်စပ်လျဉ်း၍ သဘောထားအမြင်များကို ပြောကြားရာ သတင်းပြန်ကြားဆက်သွယ်ရေး တာဝန်ခံ ဒေါ်နွယ်နီလှိုင်က ပြန်လည်ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ် လူထုဗဟိုပြုစီမံကိန်း အဖွဲ့ခေါင်းဆောင် ဒေါ်အေးမြင့်သူက လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုကို Video Clip ဖြင့်ရှင်းလင်း တင်ပြပြီးအစည်းအဝေး တက်ရောက်လာသူများကို အုပ်စုခုနှစ်စုခွဲကာ အဖွဲ့လိုက်ဆွေးနွေးပြီး ဂျူရီအဖွဲ့က ကျေးရွာအုပ်စုအဆင့်၊ ကျေးရွာအဆင့် ပထမ၊ ဒုတိယ၊ တတိယ အကောင်းဆုံးလုပ်ဆောင်မှု ဆုရွေးချယ်ကြသည်။

ဆွေးနွေးပွဲ ဒုတိယပိုင်းတွင် အဖွဲ့လိုက်ဆွေးနွေးချက်များကို တစ်ဖွဲ့ချင်းစီက ရှင်းလင်းတင်ပြပြီး မြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုအောင်က ဆုရွေးချယ်မှု အစီအစဉ်ကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ဆုကြေငြာကာ ကျေးရွာ၊ ကျေးရွာအုပ်စုအလိုက် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များမှ တာဝန်ရှိပုဂ္ဂိုလ်တို့က ဆုချီးမြှင့်ပေးကြပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးစိုးဝင်းထွန်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။