ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မိုးညိုမြို့နယ်တွင် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံပါဝင်သော သုံးသပ်ခြင်း အစည်းအဝေး ကျင်းပ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း) မိုးညိုမြို့နယ်တွင် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံ ပါဝင်သော  သုံးသပ်ခြင်း အစည်းဝေးပွဲ ကို (၁၂.၆.၂၀၁၈)ရက်နေ့တွင် ဝေဇယန္တာကျောင်းတိုက်၌ ကျင်းပပြုလုပ်ပြီး လူဉီးရေ (၃၅၀)ခန့် တက်ရောက်ခဲ့ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးသိန်းမှ အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်-၁ ဦးအေးဝင်းမှ အမှာစကား ပြောကြားခဲ့ပါသည်။  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်စုသဲမွန်ထွန်း မှစီမံကိန်းဆောင်ရွက်မှုများအား Vedio  Presentation ဖြင့်ရှင်းလင်းတင်ပြ ခဲ့ပါသည်။  ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စီမံကိန်းကော်မတီဝင်များမှ အုပ်စုအဖွဲ့ငယ်များဖွဲ့စည်း၍ ဆွေးနွေးမှုများဆောင်ရွက်ခဲ့ပြီး ဆွေးနွေးမှုရလဒ်များအား ပြန်လည်တင်ပြမှုများဆောင်ရွက်ခဲ့ပါသည်။ မိုးညိုမြို့နယ် နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်တင်ဝေသိန်းမှ ဆုရွေးချယ်ရေးလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ တစ်နှစ်တာ အတွက်အကောင်းဆုံးဆောင်ရွက်နိုင်ခဲ့သော ကျေးရွာ(၃)ရွာ နှင့် ကျေးရွာအုပ်စု(၃)အုပ်စု များအား ဆုတံဆိပ်များအား ပေးအပ်ခဲ့ပါသည်။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးမှ နိဂုံချုပ် ကျေးဇူးတင် စကားပြောကြား၍ နေ့လည် (၃း၀၀)နာရီတွင် ပြီးမြောက်ခဲ့ပါသည်။