ဝန်းသိုမြို့နယ်တွင် ငွေပေး၊ အလုပ်ပေးစနစ် Cash for Work စီမံကိန်း လုပ်ငန်းများ အားလုံး ရာနှုန်းပြည့်ပြီးစီး

Cash for Work Project Activities in Wuntho Completed 100 Percent

Sagaing, 25 September 2020, Ministry of Information

ဝန်းသို စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် နိုင်ငံတော် အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ် အရ ငွေပေး၊ အလုပ်ပေးစနစ် Cash for Work စီမံကိန်း ထောက်ပံငွေ ကျပ်သိန်း ၁၀၀စီဖြင့် မြင်သာကုန်း၊ မော်နိုင်း၊ သဖန်းဆိပ်၊ ကျောက်တိုင်၊ လေးရွာကျေးရွာနှင့် အရှေ့စက်ကျေးရွာ တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံကိန်း လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ကာလမှာ ကျေးလက်နေ ပြည်သူများ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေးအခက် အခဲများကို ကုစားပေးနိုင်ရန် ရည်ရွယ်ပြီးတော့ ကျေးရွာ တစ်ရွာလျှင် စီမံကိန်း ရန်ပုံငွေကျပ် ၁၀၀စီ ထောက်ပံ့ ပေးပြီး ယခုစီမံကိန်းကို ဆောင်ရွက်ခဲ့ပါတယ်၊ လုပ်ငန်း ဆောင်ရွက်တဲ့ နေရာမှာလဲ လုပ်အားတန်ဖိုး ၆၀ရာခိုင် နှုန်း ၊ ပစ္စည်း တန်ဖိုး ၄၀ရာခိုင်နှုန်းသတ်မှတ်ကာ လုပ်အားခ ပေးချေသည့်စနစ် ဖြင့်သာ ကျေးရွာလူထု ကိုယ်တိုင် မိမိကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်စေခဲ့ခြင်း ဖြစ်ပါတယ်၊ အဲ့ဒီအတွက် အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများနဲ့ ဆင်းရဲသောမိသားစုများကို ဝင်ငွေရရှိစေခဲ့ပါတယ် ”ဟု မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။

အဆိုပါ စီမံကိန်း ထောက်ပံ့ငွေဖြင့် ကျေးရွာ ၆ရွာတွင် ကွန်းကရစ်လမ်း ခင်းခြင်း လုပ်ငန်း(၁)ခု ၊ ရွာ တွင်းလမ်းများ ဂျင်းမြေဖို့ပြီး ကျောက်မုန့် ထပ်ပိုးခင်းခြင်း လုပ်ငန်း(၆)ခု ၊ လမ်းဘေးဝဲ/ယာ ရေမြောင်းများ တူးဖော်ခြင်း လုပ်ငန်း(၆)ခု၊ အရှည် ၉ ပေရှိ ကျောက်ရိုးစီ ကွန်ကရစ် တံတား(၂)စင်း၊ ကွန်ကရစ် ရေပြွန် တည် ဆောက်ခြင်း လုပ်ငန်း(၃)ခုနှင့် မြေသားရေကန် ကန်ဘောင် ကျောက်ရိုးစီခြင်း လုပ်ငန်း(၁)ခု စသည့်လုပ်ငန်းခွဲ များကို ကျေးရွာပြည်သူများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)

စစ်ကိုင်းတိုင်းဒေသကြီး

https://www.moi.gov.mm/iprd/news/12964