ပဲခူးမြို့နယ်ရှိ ကျေးရွာ (၉) ရွာ မှာ Cash for Work ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

Cash for Work Activities in 9 Villages of Bago Township Completed 100 Percent

Bago, SkyNet Media Coverage

ကိုဗစ် - ၁၉ ကူးစက်ရောဂါဖြစ်ပွားစဉ် ကာလအတွင်း ကျေးလက်နေပြည်သူတွေ တွေ့ကြုံနေရတဲ့ စီးပွားရေး အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံတော်က ရေးဆွဲဆောင်ရွက်နေတဲ့ ကိုဗစ်ကာလစီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းရှိ ကျေးရွာ(၉) ရွာမှာ Cash for Work စီမံကိန်းကို ဆောင်ရွက်နေရာ အခုအခါ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရပါတယ်။

ပဲခူးမြို့နယ်အတွင်းရှိ ဝက်ကုန်းကျေးရွာ၊ ရွှေပန်းကျေးရွာ၊ လေးအိမ်စုကျေးရွာ၊ ဝံကိုက်လျှိုကျေးရွာ၊ မုတ်ရှစ်ဝကျေးရွာ၊ မုက္ကလကျေးရွာ၊ ဘူးလယ်အင်းကျေးရွာ၊ မြောက်စုကျေးရွာ၊ အိုးဘိုကျေးရွာ စတဲ့ ကျေးရွာပေါင်း(၉) ရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၉၀၀)နဲ့ လမ်းအဆင့် မြှင့်တင်ခြင်း လုပ်ငန်း(၁၄) ခု၊ ရေရရှိရေးလုပ်ငန်း (၃)ခု၊ ကျန်းမာသန့်ရှင်းရေးလုပ်ငန်း (၁၉)ခု၊ ပညာရေးနဲ့ သက်ဆိုင်တဲ့အဆောက်အဦပြုပြင်ခြင်းလုပ်ငန်း(၃)ခု၊ အခြားလုပ်ငန်း(၁၂)ခုတို့ကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လိုအပ်တဲ့ နည်းပညာများပံ့ပိုးပေးပြီး ယင်းကျေးရွာတွေက ဒေသခံပြည်သူတွေကို ၀င်ရောက်လုပ်ကိုင်စေပြီး လုပ်အားခပေးချေခြင်း စနစ်နဲ့ ဇူလိုင်လ စတုတ္ထပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အခု စက်တင်ဘာလ ဒုတိယပတ်အတွင်း လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရပါတယ်။