ပခုက္ကူမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းပေါင်း (၁၆) ခု ရာနှုန်းပြည့်ပြီးစီး

ပခုက္ကူ စက်တင်ဘာ ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ပခုက္ကူမြို့နယ်၊ ကျေးရွာ(၁၂)တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ် ငန်း(၁၆)ခု ရာနှုန်းပြည့်ပြီးစီးအောင်မြင်ပြီဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်တွင် Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံ ငွေကျပ်သိန်း (၁၀၀) စီဖြင့် ပခုက္ကူမြို့နယ်၊ မှိုက်ပင်ကုန်းနှင့် သစ်ပုလွေကုန်း ကျေးရွာ တို့တွင် ကျေးရွာ တွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ မကျီးပင်ပုနှင့် ရှားတော ကျေးရွာတို့တွင် ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်း ခင်းခြင်း၊ မကျီးတန်းနှင့် မြစ်ဖျားကျေးရွာတို့တွင် ကျေးရွာတွင်း မြေနီ ကျောက်စရစ်ခင်းခြင်း၊ ရှားဒူးကျေးရွာတွင် ကျေးရွာတွင်း လမ်းများ ပြုပြင်ခြင်းနှင့် မြေနီ ကျောက်စရစ်ခြင်း၊ ဒဲ့ပြားကျေးရွာတွင် ကျေးရွာတွင်း မြေနီ ကျောက်စရစ်ခင်းခြင်းနှင့် ကွန်ကရစ် လမ်းခင်းခြင်း၊ မြောက်လူး ကန်ကျေးရွာတွင် မြေသားရေကန် ခြံစည်းရိုးကာရံခြင်း၊ မကျီးကန် ကျေးရွာတွင် အခြေခံပညာ မူလတန်းစာသင်ကျောင်းဆောင် ပြုပြင်ခြင်း လုပ်ငန်း၊ မြင်းစကော ကျေးရွာတွင် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) စာသင်ကျောင်းဆောင် ပြုပြင်ခြင်းနှင့် စာသင်ဆောင် ခြံစည်းရိုးကာရံခြင်း၊ ဇီးကုန်းကျေးရွာတွင် ကျေးရွာခန်းမဆောင် ပြုပြင်ခြင်းနှင့် ခန်းမဆောင် ခြံစည်းရိုးကာရံခြင်း စသည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းပေါင်း(၁၆)ခုတို့ကို ရာနှုန်းပြည့် ပြီးစီး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

Cash for Work စီမံကိန်းသည် ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan (CERP) အရ ကျေးလက်နေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနှင့် စီးပွားရေးအခက်အခဲများကို ကုစားပေး နိုင်ရေး အတွက် ကျေးရွာ ပြည်သူ လူထုကိုယ်တိုင် မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရွေးချယ်ကာ ချက်ချင်း လုပ်အားခ ပေးချေမှုစနစ်ဖြင့် မြို့နယ်အတွင်း ကျေးရွာ (၁၂)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း(၁၆)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရာ ကျေးလက်နေ ပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိကြကြောင်း သိရသည်။

ဆလိုင်းကိုကီး

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information