မိတ္ထီလာမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာ ၂၀ တွင် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်

မိတ္ထီလာ သြဂုတ်လ ၃၀

မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းရရှိစေရန် Cash For Work စီမံကိန်းဖြင့် ကျေးရွာ (၂၀) တွင် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်ကာလ စီးပွားရေး အကြပ်အတည်းကို လျော့နည်း သက်သာစေရန် အထောက် အကူပြု စေပြီး ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန် Cash For Work စီမံကိန်းဖြင့် ကျေးရွာ တစ်ရွာလျှင် ငွေကျပ် သိန်း (၁၀၀) ဖြင့် မြို့နယ် အတွင်းရှိ ကျေးရွာ (၂၀)တွင် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထို့သို့ Cash For Work စီမံကိန်းဖြင့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်ကုန်း၊ ကုန်းတန်း၊ ဂွေးကုန်း၊ တပ်ပိုး၊ ပျော်ဘွယ်၊ ညောင်အိုင်၊ ကံခြားတောင်၊ ကျောက်အိုး၊ ညောင်ပင်ကုန်း၊ သပြေကုန်း၊ ချောင်းနား၊ အိုင်းကြီးလည်၊ ဆူးဖြူကွက်၊ ကျေးသာအိုင်၊ ကန်သာ၊ တောက်ကောက် ကျေးရွာတို့တွင် ကျေးရွာတွင်းလမ်းကို ဂျင်းခင်းလုပ်ငန်းနှင့် လမ်းဘေးဝဲယာ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ရေငံအရှေ့၊ သီးပင်ခင်ကျေးရွာတို့တွင် မြေသားကန်ပြန်လည်ပြုပြင်ခြင်း၊ ရေဝပ်မြောင်း တူးဖော်ခြင်း၊ ကျေးရွာတွင် လမ်းခင်းခြင်း လုပ်ငန်းများနှင့် ​ဂွေးချိုကျေးရွာတွင် ကျေးရွာတွင်း ရေပိုက် သွယ်တန်းခြင်း၊ နေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းအပြင် အင်းကျေးရွာ တွင် ကျေးရွာပိုင် အသေးစားဆည် ရေပိုလွှဲပြုပြင်ခြင်းလုပ်ငန်းများကို ကျေးရွာသူကျေးရွာသားများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများမှာ (၇၃)ရာခိုင်နှုန်း ပြီးနေပြီဖြစ်သည်။

ထိုသို့ Cash for Work စီမံကိန်း ဆောင်ရွက်ခြင်းကြောင်း သောက်သုံးရေအဆင်ပြေခြင်း၊ ကျေးရွာတွင်းလမ်းများ ကောင်းမွန်လာခြင်းနှင့် ရေစီးရေလာကောင်းမွန်သည့်အပြင် ကျေးလက်နေပြည်သူများလည်း အလုပ်အကိုင် များ ရရှိစေပြီး ဝင်ငွေလည်းရရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/7625