ပခုက္ကူမြို့နယ် ကျေးရွာ (၆)ရွာတွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ပခုက္ကူ ဩဂုတ် ၂၅

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် ပခုက္ကူမြို့နယ်၊ ကျေးရွာ(၆)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး အောင်မြင်ကြောင်းသိရသည်။

 

၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံ ငွေကျပ်သိန်း(၁၀၀)စီဖြင့် လုပ်ငန်းစတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် ပခုက္ကူမြို့နယ်၊ မှိုက်ပင်ကုန်းနှင့် သစ်ပုလွေ ကုန်းကျေးရွာ၌ အရှည် ၆၀၀ပေ၊ အကျယ် ၁၂ပေ၊ ထုထည် ၆လက်မရှိသည့် ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း၊ မကျီးပင်ပု ကျေးရွာ၌ အရှည် ၁၀၀၀ပေ၊ အကျယ် ၃ပေ၊ ထုထည် ၆လက်မရှိသည့် ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်း၊ မကျီးတန်းကျေးရွာ၌ အရှည် ၃၀၀၀ပေ၊ အကျယ် ၁၂ပေ၊ ထုထည် ၉လက်မရှိသည့် ကျေးရွာတွင်းမြေနီကျောက်စရစ်ခင်းခြင်း၊ မြစ်ဖျား ကျေးရွာ၌ အရှည် ၃၁၀၀ပေ၊ အကျယ် ၁၂ပေ၊ ထုထည် ၉လက်မရှိသည့် ကျေးရွာတွင်းမြေနီကျောက်စရစ် ခင်းခြင်း၊ ရှားဒူးကျေးရွာ၌ အရှည် ၁၅၀၀ပေ၊ အကျယ် ၁၂ပေ၊ ထုထည် ၉လက်မရှိသည့် ကျေးရွာတွင်း မြေနီကျောက်စရစ်ခင်းခြင်းနှင့် အရှည် ၂၇၀၀ပေ၊ အကျယ် ၁၂ပေရှိသည့် ကျေးရွာတွင်း လမ်း များ ပြုပြင်ခြင်း စသည့်ကျေးရွာ(၆)ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးအောင်မြင်အောင် အကောင် အထည် ဖော်ဆောင်ရွက်ပြီး ဖြစ်သည်။

 

Cash for Work စီမံကိန်းသည် ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan (CERP) အရ ကျေးလက်နေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေးအခက်အခဲများကို ကုစားပေးနိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ကျေးရွာပြည်သူ လူထုကိုယ်တိုင် မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများရွေးချယ်ကာ ချက်ချင်း လုပ်အားခပေးချေမှုစနစ်ဖြင့် မြို့နယ်အတွင်း ကျေးရွာ(၁၂)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြခြင်းဖြစ်ပြီး ကျေးရွာခြောက်ရွာတွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ အဆိုပါကျေးရွာရှိ ကျေးလက်နေ ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရာတွင် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းကိုကီး

https://www.moi.gov.mm/iprd/news/6583