နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့တွင် Cash for work စီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်

လဟယ် ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖွင့်လှစ်သော Cash for work (CFW) စီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းကို ယမန်နေ့နံနက်(၉)နာရီက လဟယ်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နာဂဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဦးဝင်းနိုင်က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး လဟယ်မြို့နယ် ကျေးလက်ဦးစီးမှူး ဦးဟန်ဝင်ထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ စီမံကိန်းသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ အကျိုးဆက် သက်ရာက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများ၊ ၎င်းကျေးရွာကုန်ထုတ်လုပ်ငန်းများနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခ ပေးချေခြင်းစနစ်ဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ချက်ဖြင့် နာဂဒေသ လဟယ်မြို့နယ်တွင် ကျေးရွာ (၁၃) ရွာအတွက် တစ်ရွာလျှင် ခွင့်ပြုငွေကျပ်သန်းပေါင်း (၁၀) သန်းနှုန်းဖြင့် ကျေးရွာ (၁၃) ရွာအတွက် စုစုပေါင်းခွင့်ပြုငွေ ကျပ်သန်း (၁၃၀) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကာလမှာ (၂) ရက်ကြာ ပို့ချသွားမှာဖြစ်ပြီး လဟယ်မြို့နယ် ကျေးရွာပေါင်း (၁၃) ရွာမှ သင်တန်းသား (၉၁) ဦး တက်ရောက်ကြောင်း သိရသည်။

ရှားဆက်(ပြန်ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/15/07/2020/id-23901