လှိုင်းဘွဲမြို့နယ်တွင် Cash For Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ (CERP)စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း

လှိုင်းဘွဲ ဇူလိုင် ၁၃

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်ကာလစီးပွားရေးကုစားမှု အစီအစဉ် Cash For Work စီမံကိန်းနှင့် Covid – 19 Economic Relief Plan (CERP)အရ ကျေးလက်ဒေသနေမိသားစုများ ဝင်ငွေလျော့နည်း လာမှုနှင့် စားဝတ်နေရေးအခက်အခဲများ ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းနှင့် Cash For Work စီမံကိန်းအကြောင်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စီမံကိန်းကို ကိုဗစ်-၁၉ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်နေပြည်သူများအား ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လယ်ယာ၊ သားငါးကဏ္ဍဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း စသည့် အကျိုးကျေးဇူး များ ရရှိလာနိုင်ပြီး စီမံကိန်းကာလသည် သုံးလကြာမြင့်မည်ဖြစ်သည်။ စီမံကိန်းတွင် ကျေးရွာတစ်ရွာလျှင် သိန်း ၁၀၀ ထိ ထောက်ပံ့ပေးသွားမည်ဖြစ်ရာ စီမံကိန်းအကောင်အထည်ဖော်ရာတွင် ၄၀ ရာခိုင်နှုန်းကို ပစ္စည်းဝယ်ယူရာတွင် အသုံးပြုပြီး ကျန် ၆၀ ရာခိုင်နှုန်းကို လုပ်အားခအဖြစ် အသုံးပြုသွားကြရမည် ဖြစ်သည်။ တစ်အိမ်ထောင်လျှင် လုပ်သားအင်အားတစ်ဦးပါဝင်စေပြီး ဆင်းရဲနွမ်းပါးသော အိမ်ထောင်စု၊ အမျိုးသမီး ဦးဆောင်သောအိမ်ထောင်စု၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါသည်နှင့် သက်ကြီးရွယ်အိုများ ပါဝင်သော မိသားစု၊ ပုံမှန်အလုပ်အကိုင်မရှိသော အိမ်ထောင်စုဝင်များမှ လုပ်သားများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဝင်များ ဖွဲ့စည်းခြင်းတို့ကို လှိုင်းဘွဲမြို့ယ်အတွင်းရှိ ရှမ်းစု ကျေးရွာ၊ အလန်းရွာလေးကျေးရွာ၊ ကော့လံစူး ကျေးရွာ၊ နောင်ဘိုတိုက်ကျောင်း ကျေးရွာ၊ ကျောက်တောင်(ပအိုဝ်းစု)ကျေးရွာ၊ ခဝဲဘန်ကျေးရွာ၊ လှကမန်းကျေးရွာ စုစုပေါင်း ကျေးရွာ(၈)ရွာကို မြို့နယ်ကျေးလက်ဒေသဖွဲ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် လူထုဗဟိုပြု စီမံကိန်းမှ ဝန်ထမ်းများက အဖွဲ့(၄)ဖွဲ့ခွဲ၍ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးစောအောင်မျိုးမြင့်ထံမှ သိရှိရသည်။

ခင်စန်းမြင့်( ပြန်/ဆက် )

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/13/07/2020/id-23640