ပြည်နယ်ဝန်ကြီး ဦးစိုင်းလုံကျော် Cash for Work စီမံကိန်း ဆောင်ရွက်မှုကို ကြည့်ရှု့ စစ်ဆေး

ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်နယ် ဝန်ကြီး ဦးစိုင်းလုံကျော်ဟာ ပြည်နယ် ခရိုင် မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အတူ ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက Cash for Work စီမံကိန်း ဆောင်ရွက်မှုကို ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်နယ် ဝန်ကြီး ဦးစိုင်းလုံကျော်ဟာ ပြည်နယ် ခရိုင် မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အတူ တောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန Cash for Work စီမံကိန်း Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်တဲ့ ထီရီးမြောက် ကျေးရွာ ရွာတွင်းလမ်းတွေ ပြုပြင်ခြင်းနဲ့ သဲဗြုန်း ခင်းခြင်း လုပ်ငန်းတွေကို ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

အဲဒီ စီမံကိန်းမှာ ကိုရိုနာ ဗိုင်းရပ်စ် အကျိုးဆက် သက်ရောက်ခြင်း ခံရတဲ့ ကျေးလက်ဒေသတွေမှာ ရှိတဲ့ ပြည်သူတွေကို ကျေးရွာရဲ့ အခြေခံ အဆောက်အအုံ ဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခငွေ ပေးချေခြင်းနဲ့ ကျေးလက်နေ ပြည်သူတွေ ဝင်ငွေ ရရှိစေဖို့ ကျေးရွာ တွေမှာ အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ် ဆောင်ရွက်တဲ့ စီမံကိန်း တစ်ခု ဖြစ်ပြီးတော့ ကျေးရွာပေါင်း ၃၅၀၀ မှာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စီစဉ်လျက် ရှိကြောင်း၊ ဆောင်ရွက်ခြင်း မပြုမှီမှာ ပြည်နယ်၊ တိုင်း ဒေသကြီး တစ်ခုကို ကျေးရွာ တစ်ရွာမှာ ရှေ့ပြေး စီမံချက် အနေနဲ့ စမ်းသပ် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ရှမ်းပြည်နယ် တောင်ပိုင်းမှာ တောင်ကြီးမြို့နယ်၊ ထီရီးမြောက်ကျေးရွာမှာ အဲဒီ Cash for Work စီမံကိန်း Pilot Project အဖြစ် ရွာတွင်းလမ်းတွေ ပြုပြင်ခြင်းနဲ့ သဲဗြုန်း ခင်းခြင်း လုပ်ငန်းတွေ ၇၇၀၀ ပေကို ဇွန်လ ၉ ရက်နေ့က စတင်ခဲ့ပြီး၊ ဇူလိုင်လ ၄ ရက်နေ့မှာတော့ လုပ်ငန်း အားလုံး ဆောင်ရွက်ပြီးစီးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပုံဆွေပင်၊ ပုံဖြွန်း၊ ရှမ်းရိုးမ၊ မွေးမြူရေးဇုန် ကုန်ထုတ်လမ်းနဲ့ ကုန်းရမ်းကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှု့စစ်ဆေးပြီး၊ ပြည်နယ် ဝန်ကြီးက သတ်မှတ် စံချိန်စံညွှန်း ပြည့်မှီစွာ နဲ့ အချိန်မှီ ပြီးစီးအောင် ဆောင်ရွက်ဖို့ မှာကြားခဲ့ပါတယ်။

သတင်း - မင်းမြင့်မိုရ် (ငါးဇွန်)

Credit- SkyNet Media Coverage

#CERP, #CFW, #DRD, #MOALI