ထီးလင်းမြို့နယ် အညာဝါဘင်း ကျေးရွာ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်

မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အညာဝါဘင်း ကျေးရွာ အုပ်စု အညာဝါဘင်း ကျေးရွာမှာ ကျေးရွာလူထု ကိုယ်တိုင် ရွေးချယ် ဖော်ထုတ်ထားတဲ့‌ ကျေးရွာ လျှပ်စစ်မီးလင်းရေး လုပ်ငန်းကို လက်ထောက်နည်းပညာမှူး ဦးဝင်းကိုနိုင်၊ လူထု စည်းရုံးရေးမှူး ဒေါ်ခင်ဆွေအေးတို့က ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ထိုကဲ့သို့ ကွင်းဆင်း စစ်ဆေးရာမှာ Footing လောင်းထားမှု၊ မီးတိုင်များ စိုက်ထူထားမှု၊ မီးကြိုး ကြွေသီး၊ သံလက်တန်း (ARM), Distribution Box များ တပ်ဆင်ထားမှု မှန်ကန်မှု ရှိမရှိ၊ ပစ္စည်း အရေည်အသွေးများ ပြည့်မှီမှု ရှိမရှိ၊ နည်းပညာ ပိုင်းဆိုင်ရာ မှန်ကန်မှု ရှိမရှိ တို့ကို ကြည့်ရှု့ စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ကျေးရွာ ကော်မတီဝင်များနဲ့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားကြောင်း သိရပါတယ်။

အဆိုပါ မီးလင်းရေး လုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်း ပံ့ပိုးငွေ ၂၇၆ သိန်း၊ ကျေးရွာ လူထု ထည့်ဝင်ငွေ ၄,၂၁၂,၀၀၀ ကျပ်၊ စုစုပေါင်း ခန့်မှန်း ကုန်ကျငွေ ၃၁,၈၁၂,၀၀၀ ကျပ် ကုန်ကျကာ မီးတိုင် ကျင်းတူးခြင်းနဲ့ အုတ်မြစ်လောင်းခြင်း (Footing) လောင်းခြင်း လုပ်ငန်းကို ကျေးရွာ လူထု ကိုယ်တိုင် အကောင်အထည်ဖော်ပြီး၊ မီးတိုင်ထူပြီး၊ သံလက်တန်း (ARM) တပ်ဆင်ခြင်း၊ Distribution Box ကြွေသီး၊ မီးသီး၊ မီးလုံး၊ မီးကြိုး တပ်ဆင်ခြင်းကို ကုမ္ပဏီ လီမီတက်က အကောင် အထည်ဖော်ကာ အဆိုပါ ကျေးရွာတွင်း မီးလိုင်း အားလုံးကို ဇွန်လ ၁၅ ရက်နေ့ အပြီး ဆောင်ရွက်သွားမှာ ဖြစ်ပြီး၊ အဆိုပါ လုပ်ငန်း ပြီးစီးသွားပါက အိမ်ထောင်စု ၁၅၅ အိမ်၊ လူဦးရေ ၆၉၀ အတွက် အကျိုးခံစားခွင့် ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

လူထု ဗဟိုပြု စီမံကိန်းက ထီးလင်း မြို့နယ်မှာ ကျေးရွာ ၉၃ ရွာမှာ ကျေးရွာ မီးလင်းရေး လုပ်ငန်း ၅၁ ခု အကောင်အထည်ဖော် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank