ပျော်ဘွယ်မြို့နယ် စီမံကိန်း ရေးဆွဲရေးနဲ့ အကောင်အထည်ဖော်ရေး စည်းဝေးပွဲ ကျင်းပ

မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ် မြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း‌ ဆောင်ရွက်တဲ့ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စီမံကိန်း ရေးဆွဲရေးနဲ့ အကောင်အထည်ဖော်ရေး ကော်မတီ (TPIC) တတိယအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို မေလ ၈ ရက်နေ့ မနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမမှာ ကျင်းပတယ်လို့ သိရပါတယ်။

 

ရှေးဦးစွာ ပျော်ဘွယ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက အဖွင့်အမှာ စကား ပြောကြားပြီး၊ ပျော်ဘွယ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်သီတာဝင်းစံက ကျေးရွာတွေက ဦးစားပေး ရွေးချယ်ထားတဲ့ စီမံကိန်း လုပ်ငန်းခွဲတွေကို မြို့နယ်မှာ ရှိတဲ့ သက်ဆိုင်ရာ အစိုးရဌာနတွေက ယခု ဘဏ္ဍာရေးနှစ်အတွင်းမှာ အကောင်အထည် ဖော် ဆောင်ရွက်ရန် ရှိမရှိ စီစစ် သုံးသပ်ပြီးတော့ ကျေးရွာတွေက တင်ပြထားတဲ့ စီမံကိန်း လုပ်ငန်းခွဲတွေကို ဆောင်ရွက်ခွင့် ရရှိရေး ဆွေးနွေးရတာ ဖြစ်တယ်လို့ ရှင်းလင်း ပြောကြားပါတယ်။

 

အဲနောက်မှာတော့ လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး ခေါင်းဆောင် ဦးမြထူးက ကျေးရွာတွေက ရွေးချယ်ထားတဲ့ လုပ်ငန်းခွဲ ၄၅ ခုကို PowerPoint Slide နဲ့ ရှင်းလင်းတင်ပြရာမှာ တက်ရောက်လာကြသူတွေက သိရှိလိုတာတွေကို မေးမြန်း ဆွေးနွေးကြပါတယ်။

 

ပျော်ဘွယ် မြို့နယ် လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ ယခု တတိယ အကြိမ် အတည်ပြုရွေးချယ်ထားတဲ့ စီမံကိန်း လုပ်ငန်းတွေ အပါအဝင် လုပ်ငန်းခွဲ စုစုပေါင်း ၃၅၆ ခုကို ကျေးရွာအုပ်စု ၇၅ အုပ်စုမှာ ငွေကျပ် သန်းပေါင်း ၃၇၇၁ သန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ ပျော်ဘွယ်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်သီတာဝင်းစံ ထံကနေ သိရပါတယ်။

 

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank,