လူထုဗဟိုပြုစီမံကိန်းပံ့ပိုးငွေဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သော ကွန်ကရစ်တံတား တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဆီဆိုင် မေ ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်းအတွင်း နောင်မွန်ကျေးရွာအုပ်စု၊ လီမွန်ကျေးရွာတွင် လူထု ဗဟိုပြု စီမံကိန်း ပံ့ပိုးငွေကျပ် ၉၅ သိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် နောင်မွန်ကျေးရွာအုပ်စု၊ လီမွန်ကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း ပံ့ပိုးငွေကျပ် ၉၅ သိန်းဖြင့် အလျား ၂၆ ပေ၊ အနံ ၁၆ ပေ၊ အမြင့် ၆ ပေ ၆ လက်မရှိ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အား ဆီဆိုင်မြို့နယ်မှ လက်ထောက်နည်းပညာမှူး ဒေါ်နှင်းရီဝင်းနှင့် လူထုစည်းရုံးရေးမှူး ခွန်စောလှတို့က နည်းပညာဒီဇိုင်းနှင့် အရည်အသွေးပိုင်း ဆိုင်ရာများ ကြီးကြပ်စစ်ဆေးခြင်း၊ လုပ်ငန်းအရည်အသွေးပြည့်မီအောင် ဆောင်ရွက်နိုင် ရေး၊ လုပ်ငန်း အချိန်မီပြီးစီးရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် လုပ်ငန်းတွင် လိုအပ်သည်များကို ဆွေးနွေး မှာကြားခဲ့သည်။

အဆိုပါလုပ်ငန်းကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လက်ထောက်နည်းပညာမှူး၊ စည်းရုံးရေးမှူးများ၏ အကူအညီများရယူကာ လုပ်သားအဖွဲ့များကို ကျေးရွာကော်မတီအဖွဲ့ဝင်များမှ အလှည့်ကျ နေ့စဉ် ဦးဆောင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လီမွန်ကျေးရွာသည် အိမ်ခြေ ၈၁၊ လူဦးရေ ၃၅၈ ဦးရှိပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြရာ တံတားပြီးစီးပါက အဆိုပါကျေးရွာမှ စိုက်ပျိုးရေးထွက်ကုန်များ အလွယ်တကူ သယ်ယူပို့ဆောင် ရောင်းဝယ်နိုင်မည်ဖြစ်ကာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးလုပ်ငန်း များလည်း ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်) ၊ ရှမ်းပြည်နယ်

Ministry of Information

https://www.moi.gov.mm/iprd/?q=news%2F%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%2F6%2F05%2F2020%2Fid-16946&fbclid=IwAR1PgJZdE6xTV6POA47a90eLx1T0HyFtvxsmktEWh93ghwOOcG5WsE1HlF0