အမျိုးသမီးများ ပူးပေါင်းပါဝင်မှု အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှု အရေးကြီးပုံ ဆွေးနွေးရန်၊ ဒေသတွင်း လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းများတွင် အမျိုးသမီးများ ပိုမိုပါဝင်ဆောင်ရွက်လာနိုင်စေရန်နှင့် အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်း ပိုမိုကောင်းမွန်လာစေသော ပံ့ပိုးပေးနိုင်မည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှ အမျိုးသမီးများ ပူးပေါင်းပါဝင်မှု အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲ ဒုတိယနေ့ကို ယမန်နေ့နံနက် ၁၀ နာရီက ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်အတွင်းရှိ အရိယာမဂ္ဂင်မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်း၊ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သွဲ့မာလာနှင့် သျှမ်းလူငယ်အဖွဲ့ဥက္ကဋ္ဌ စိုင်းပွန်းဟန်တို့က ဒေသအတွင်း လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသော ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အမျိုးသမီးပူးပေါင်း ပါဝင်မှု အခန်းကဏ္ဍ၊ ကျား-မ ပူးပေါင်းပါဝင်မှု၊ တန်းတူညီမျှမှု၊ အမျိုးသမီး အကြမ်းဖက်မှု ကာကွယ်ရေး၊ ကလေးသူငယ်၏ အခန်းကဏ္ဍနှင့် အခွင့်အလမ်းများ၊  အမျိုးသမီး များ၏ စွမ်းဆောင်ရည် မြှင့်တက်လာမှုနှင့် ရရှိလာသည့် အကျိုးကျေးဇူးများ၊ အနာဂတ်တွင် အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်း ပိုမိုရရှိလာနိုင်ခြင်း၊ အမျိုးသမီးပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း အတွက် ရရှိလာမည့် အခွင့်အရေးနှင့် အခွင့်အလမ်းများ၊ စသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသည့် အမျိုးသမီးကော်မတီဝင်များမှ အမျိုးသမီးများဒေသတွင်းရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခက်အခဲနှင့် လိုအပ်ချက်/အကြံပြုချက်များကို မေးမြန်းဆွေးနွေးရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်း ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ ရှမ်းပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်မြင့်သောင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကျေးလက်ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမူရေးအသင်းအဖွဲ့များ၊ ကျေးရွာအမျိုးသမီး ကွန်ယက်အဖွဲ့ဝင်များ၊ လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးခွန်ဇော်မျိုးထွန်းနှင့် လူထုဗဟိုပြု စီမံကိန်းဝန်ထမ်းများ၊ ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Credit - www.moi.gov

ခွန်ရဲထွေး(ဆီဆိုင်)

ရှမ်းပြည်နယ်