ဓနုဖြူမြို့နယ် လူထုဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းအတွက် လုပ်ငန်းခွဲ ၁၆၆ ခုကို ရန်ပုံငွေကျပ် ၁၄၆၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

NCDDP to Implement 166 Sub-project Activities in Danubyu for its Third Year Project Cycle

Ayeyarwaddy, 18 October 2020, SkyNet Media Coverage

ဧရာဝတီတိုင်း ဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) လုပ်ငန်းခွဲတွေ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ (TPIC) ပထမ အကြိမ် အစည်းအဝေးကို အောက်တိုဘာလ ၁၅ ရက်နေ့က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ အစည်းအဝေး ခန်းမမှာ ကျင်ပပါတယ်။

 

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းနဲ့ မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးတို့က အဖွင့် အမှာ စကား ပြောကြားပြီး၊ လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးအောင်ဌေးဦးက ကျေးရွာတွေက ဦးစားပေး ရွေးချယ်ထားတဲ့ လုပ်ငန်းခွဲ ၁၇၂ ခုကို PowerPoint နဲ့ ရှင်းလင်း တင်ပြပြီး၊ တက်ရောက်လာတဲ့ TPIC အဖွဲ့ဝင်တွေက စီမံကိန်း လုပ်ငန်းခွဲတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခွင့် ရှိမရှိ စီစစ် သုံးသပ်ပြီး၊ ညှိနှိုင်း ဆွေးနွေး အတည်ပြုခဲ့ပါတယ်။

 

ဒီအစည်းအဝေးမှာ အတည်ပြု လုပ်ငန်းခွဲပေါင်း ၁၆၆ ခုကို စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၁၄၆၂ သန်းနဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မြို့နယ် ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်ထံကနေ သိရပါတယ်။

 

သတင်း - ရဲအောင် (ကျေးလက်)၊ ဖြိုးထက်အောင် (ပျော်ဘွယ်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage