လူထု ဗဟိုပြု စီမံကိန်းမှ ဆောမြို့နယ် မန်း ကျေးရွာတွင် ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ပြီးစီး လူထု စစ်တမ်းကောက်ယူ

စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်၀န်း) ကို မကွေးတိုင်း ဒေသကြီး၊ ဂန့်‌ဂေါခရိုင် ၊ ဆောမြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ လုပ်ငန်းခွဲပေါင်း (၁၃၇) ခုရှိတဲ့ အထဲက (၁၃၆)ခုမှာ ၁၀၀ ရာခိုင်နှုန်း အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် မန်းကျေးရွာ အုပ်စု၊ မန်း‌ ကျေးရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်​​​ ခြင်းလုပ်ငန်း လူထုစစ်ဆေးပွဲကို ‌စက်တင်ဘာလ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီ စစ်ဆေးပွဲမှာ ကျေးရွာတာ၀န်ခံ လူထုစည်းရုံးရေးမှူး ဦး၀င်းနိုင်က စစ်ဆေးပွဲ ပြုလုပ်ရခြင်းရဲ့ ရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်း လုပ်ငန်းကို ဦးဆောင်ပြီး၊ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီ၀င်တွေက လုပ်ငန်း စတင်ချိန်ကနေ ပြီးဆုံးသည်အထိ ၎င်းတို့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို ကျေးရွာအတွင်းမှာ ရှိတဲ့ လူထုတွေ သိရှိလေ့လာနိုင်စေဖို့အတွက် ကဏ္ဍအလိုက် အသီးသီးရှင်းလင်းပြောကြားခဲ့ပါတယ်။

အဲဒီနောက် ကျေးရွာ တာ၀န်ခံ လက်ထောက် နည်းပညာမှူး ဦးအေးချမ်းနိုင်က ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်း လုပ်ငန်းမှာ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ် အသီးသီးနဲ့ တည်ဆောက်ပြီးစီးမှု ရလဒ်အပေါ် ကျေးရွာလူထုတွေရဲ့ စိတ်ကျေနပ်မှုကို သိရှိနိုင်စေဖို့ အတွက် မဲပေးရမည့် အစီအစဉ်တွေကို ကြေငြာခဲ့ပြီး နယ်မြေ(၁) ဧရိယာအတွင်းမှာရှိတဲ့ ၀န်ထမ်းတွေက ကျေးရွာအတွင်းမှာရှိတဲ့ အိမ်ထောင်စုတွေကို အိမ်‌တိုင်ရာရောက် မဲကောက်ယူခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီနောက် မဲရလဒ်တွေကို စုစည်းပြီး ကြေငြာခြင်းနဲ့ ကျေးရွာလူထု တစ်ဦးချင်းက အကြံပြုခဲ့တဲ့ အားနည်းချက်၊ အားသာချက်တွေကို လူထုအားလုံးသိရှိစေဖို့ အတွက် အသံချဲ့စက်နဲ့ ပြန်လည် ကြေငြာပေးခြင်း စတာတွေကို ကိုဗစ်ရောဂါ ကာလ လမ်းညွှန်ချက်တွေနဲ့ အညီ ပြုလုပ်ခဲ့ကြပါတယ်။

မန်းကျေးရွာ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်းမှာ အလျား ပေ ၇၀ ၊ အနံ ပေ၄၀ ၊ အမြင့်၁၃ ပေ ရှိပြီး အခုအခါ ပြီးစီးခဲ့ပြီ ဖြစ်တာကြောင့် ကျေးရွာအတွင်းမှာရှိတဲ့ အိမ်ထောင်စု ၃၇၁ စု၊ လူဦးရေ ၁၉၄၅ ဦးကို အကျိုးခံစားနိုင်တော့မှာ ဖြစ်ကြောင်း သိရှိရပါတယ်။

တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank