ပခုက္ကူ ခရိုင် မြိုင်မြို့နယ်တွင် Cash for Work စီမံကိန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် မြေနီ ကျောက်စရစ်ခင်း ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ ကွင်းဆင်းစစ်ဆေး

ပခုက္ကူ စက်တင်ဘာ ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေဖြင့် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် အကောင်အထည် ဖော် ဆောင်ရွက်သည့် မြေနီ ကျောက်စရစ်ခင်း ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ယမန်နေ့ နေ့ လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင့်ဝေနှင့် ဝန်ထမ်းများက ၂၀၁၉ -၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံ ငွေကျပ်သိန်း(၁၀၀)စီဖြင့် လုပ်ငန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်သည့် မြိုင်မြို့နယ် ငါးဝင်းကျေးရွာ၊ ထနောင်း ဝင်းကျေးရွာ၊ မင်းသားကျ (မြောက်) ကျေးရွာ၊ ဇီးဖြူပင် ကျေးရွာ တို့တွင် မြေနီ ကျောက်စရစ်ခင်းခြင်း လုပ်ငန်းများနှင့် ပတ်သက်သည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြရာ မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်း များ၊ကျေးရွာ ကော်မတီဝင်များက စီမံကိန်းဆိုင်ရာ ဆောင်ရွက်မှုများ၊ စာရင်းဇယားများ ဆောင်ရွက်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

Cash for Work စီမံကိန်းသည် ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan (CERP) အရ ကျေးလက်နေ မိသားစုများ ဝင်ငွေလျော့နည်း လာမှုနှင့် စီးပွားရေး အခက်အခဲများကို ကုစားပေးနိုင်ရေး အတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး ကျေးရွာ ပြည်သူလူထု ကိုယ်တိုင် မိမိတို့ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရွေးချယ်ကာ ချက်ချင်း လုပ်အားခပေးချေမှု စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ကြခြင်း ဖြစ်သည်။

ပခုက္ကူခရိုင်အတွင်း Cash for Work စီမံကိန်း ရန်ပုံငွေ သိန်း(၁၀၀)စီဖြင့် အကောင်အထည် ဖော်ဆောင် ရွက်လျက် ရှိသည့် ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်၊ ကျေးရွာပေါင်း (၅၄) ရွာ တို့တွင် စာသင်ကျောင်းဆောင် နှစ်ဆောင်၊ ကျေးရွာခန်းမ ဆောင်တစ်ခု၊ ရွာတွင်းကွန်ကရစ် ဘီးလမ်း လေးလမ်း၊ ရွာတွင်း မြေနီကျောက် စရစ်ခင်းခြင်းလုပ်ငန်း ၂၀လမ်း၊ ရွာတွင်း မြေသားလမ်း နှစ်လမ်း၊ ရွာတွင်း ကျောက်ရောမြေ ခင်းခြင်း ၃လမ်း၊ မြေသား ရေလှောင် ကန် ၁၉ ခု၊ ရွာတွင်း ရေ နှုတ်မြောင်း ၄ခု စသည့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး အောင်မြင်ပြီး ဖြစ်ကြောင်း သိရ သည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/10028