ပူတာအိုမြို့နယ်၌ Cash for Work စီမံကိန်းနှင့် လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်စက်၀န်း) မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပူတာအို ဩဂုတ် ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ကချင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မေညွန့်နှင့် တာ၀န်ရှိသူများသည် ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ အကောင်အထည်ဖော် ဆောင်ရွက် နေသည့် Cash For Work စီမံကိန်းနှင့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်၀န်း)မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများကို ယမန်နေ့ နံနက်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေညွန့် သည် တာ၀န်ရှိသူများ လိုက်ပါလျက် Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော မန်ပန်ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၁၀၀)ဖြင့် အရှည်(၁၀၂၀၀)ပေရှိ ရေနုတ်မြောင်း ပြုပြင်ခြင်းနှင့် ရေပြွန်(၁၀)ခု ပြုလုပ်ခြင်းလုပ်ငန်း၊ ဖန်ခိုင်(၁)ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၁၀၀)ဖြင့် အရှည်(၃၄၈၀၀)ပေ ရေနုတ်မြောင်း ပြုပြင်ခြင်း လုပ်ငန်းနှင့် လူထုဗဟိုပြု စီမံကိန်း(တတိယနှစ်စက်၀န်း)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော နမ်ဘော်ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၇၉)သိန်းဖြင့် အလျား(၄၀)ပေ အနံ (၂၀) ပေ အမြင့်(၁၂)ပေရှိ ဘက်စုံသုံး အစည်းအဝေး ခန်းမဆောက်လုပ်ခြင်း လုပ်ငန်း၊ မာမဲ့ရှီးဒီကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၈၉)ဖြင့် အလျား(၄၀)ပေ အနံ(၂၀)ပေ အမြင့်(၁၂)ပေရှိ ဆောက်လုပ် ပြီးစီးနေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြရာ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် တာ၀န်ရှိသူများက လုပ်ငန်းပြီးစီးနေမှု အခြေအနေများအား လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။

အဆိုပါ Cash For Work စီမံကိန်းနှင့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်၀န်း)မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများ ပြီးစီးသွားပါက မန်ပန်ကျေးရွာ အိမ်ခြေ(၆၂)အိမ် လူဦးရေ (၄၀၁) ဦး၊ ဖန်ခိုင်(၁)ကျေးရွာ အိမ်ခြေ(၉၂)အိမ် လူဦးရေ(၄၅၉)ဦးနှင့် နမ်ဘော်ကျေးရွာ အိမ်ခြေ(၆၇)အိမ် လူဦးရေ (၃၅၇)ဦး၊ မာမဲ့ရှီးဒီကျေးရွာ အိမ်ခြေ(၉၆)အိမ် လူဦးရေ(၄၈၆)ဦးတို့အတွက် များစွာအကျိုးပြုသွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ဖုန်ကန်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/5514