ပင်လည်ဘူးမြို့၌ (Cash for Work) စီမံကိန်း လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် VDP စီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ပင်လည်ဘူး ဩဂုတ် ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် (CERP) အစီအစဉ်အရ (Cash for Work) စီမံကိန်းလုပ်ငန်း တစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် ကျေးရွာ (၆)တွင် စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်‌လျက်ရှိရာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် VDP စီမံကိန်းဖြင့် ဆောင်ရွက်‌နေသော‌‌ ကျေးရွာ ဘက်စုံသုံးခန်းမ ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော် နှင့် ဝန်ထမ်းများအဖွဲ့ သည် ဩဂုတ် ၆ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။

 

အဆိုပါ စီမံကိန်းလုပ်ငန်းများအား ကွင်းစစ်ဆေးဆောင်ရွက်ခဲ့သည့် ကျေးရွာများနှင့်လုပ်ငန်းများမှာ (Cash for Work) စီမံကိန်းလုပ်ငန်း‌ဖြင့် ဆောင်ရွက်နေသော တံတားကိုင်းကျေးရွာ ရွာတွင်းလမ်း အလျား ၂၃၀၀ ပေ၊ အကျယ် ၁၈ ပေ၊ ရွာတွင်းလမ်း ဂျင်းမြေခင်းခြင်း ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ အလယ်စုကျေးရွာ ရွာတွင်းလမ်း အလျား ၂၆၀၀ ပေ၊ အကျယ် ၁၃ ပေ ဂျင်းမြေခင်းခြင်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ ဟန်ဖဲကျေးရွာတွင် ရွာတွင်းလမ်း အရှည် ၂၉၀၀ ပေ ရေနှုတ်မြောင်း တူးဖော်ခြင်း၊ ဂါလံ ၂၀၀၀ ဆံ့ ရေကန်တည်ဆောက်ခြင်းနှင့် ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်း အခြေအနေများကိုလည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် VDP စီမံကိန်းမတည်ရန်ပုံ‌ ငွေကျပ် သိန်း ၁၀၀ ဖြင့် နမ္မားကျေးရွာတွင် အလျား ၇၂ ပေ၊ အနံ ၇၆ ပေ၊ အမြင့် ၁၅ ပေ၊ သွပ်မိုး၊ အုတ်ခင်း တစ်ထပ် ဘက်စုံသုံးခန်းမ ဆောက်လုပ်ပြီးစီးမှု အခြေအနေတို့ကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များပံ့ပိုးကူညီဆောင်ရွက်ခဲ့ကြကြောင်း၊ အဆိုပါ ကျေးရွာ ဘက်စုံသုံး ခန်းမမှာ ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ (Cash for Work)စီမံကိန်းလုပ်ငန်း‌များကိုလည်း ဩဂုတ်လတွင် အပြီး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်ထံမှသိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)

 

https://www.moi.gov.mm/iprd/news/3168