လူထုဗဟိုပြုစီမံကိန်းမှ မောက်မယ်မြို့နယ်တွင် ဆောင်ရွက်ပြီးစီးသော လုပ်ငန်းခွဲများအား လူထုစစ်ဆေးပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေး ခရိုင် မောက်မယ် မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (ဒုတိယနှစ်စက်ဝန်း) အတွက် လုပ်ငန်းတွေ ဆောင်ရွက် ပြီးစီးသွားခဲ့တဲ့ ကဒူးကြီး အုပ်စု ကျေးရွာတွေမှာ လူထု စစ်ဆေးပွဲတွေက ဇူလိုင်လ ၈ ရက်နေ့ကနေ ဇူလိုင်လ ၁၅ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲလို ဆောင်ရွက်ရာမှာ လူထုရဲ့ လုပ်ပိုင်ခွင့်နဲ့ ပူးပေါင်း ပါဝင်မှုကို မြှင့်တင်ပေးဖို့ ပွင့်လင်းမြင်သာမှု၊ ထိရောက်မှု နဲ့ သက်ရောက်မှုတို့ကို တိုးမြှင့်ပေးဖို့ ကျေးရွာ စီမံခန့်ခွဲမှု အဖွဲ့တွေ အနေနဲ့ ကျေးရွာ လူထုအပေါ် တာဝန်ယူမှု တာဝန်ခံမှု သေချာစေဖို့နဲ့ ကျေးရွာလူထုက မိမိတို့ရဲ့ ထင်မြင် ယူဆချက်တွေကို ပိုမို ထုတ်ဖော် ပြောဆိုတတ်လာပြီး၊ ဝေဖန် အကြံပြုချက်တွေကို လိုအပ်ရင် ဖြေရှင်းဖို့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပ ပြုလုပ်တယ်လို့ သိရပါတယ်။

လူထု စစ်ဆေးပွဲတွေကို ကဒူးကြီး ကျေးရွာအုပ်စုအတွင်းမှာ ရှိတဲ့ ကွန်ကရစ် လမ်းဆောင်ရွက် ရွက် ပြီးစီးသွားတဲ့ တောကုန်းလုံးကျေးရွာ စိမ့်စမ်းရေသွယ်တန်းခြင်းနဲ့ ဂါလံ(၄၀၀၀)ဆံ့ ရေကန်၊ ဆောက်လုပ် ပြီးစီးသွားတဲ့ မိုက်ရှားစေးကျေးရွာ၊ ကယားရွာသစ်ကျေးရွာနှင့် ဗန်းမတ်ကျေးရွာ စိမ့်စမ်းရေသွယ် တန်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးတဲ့ ဆောင်ကျဲကျေးရွာနှင့် မီးလင်းရေး လုပ်ငန်း ဆောင်ရွက် ပြီးစီးသွားတဲ့ ဖာလွမ့်ကျေးရွာ တွေမှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒုတိယနှစ် စက်ဝန်းမှာ ကဒူးကြီး ကျေးရွာအုပ်စုဟာ ၂၄ ရွာ ရှိတဲ့အနက် လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ သိန်း(၇၅၀)နဲ့ လုပ်ငန်းခွဲပေါင်း (၁၄)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank