တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Cash for Work စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း တွေ့ကြုံရတဲ့ အခက်အခဲများအတွက် နိုင်ငံတော်က ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ် CERP အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေ လျော့နည်းလာစေမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေနဲ့ ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိတဲ့ Cash for Work စီမံကိန်း တိုင်းဒေသကြီးနဲ့ ပြည်နယ်များအတွင်းရှိ သက်ဆိုင်ရာ ကျေးရွာများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အဲဒီ စီမံကိန်းဟာ ကျေးရွာ တစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ပေးမှာ ဖြစ်ပြီး၊ အကောင်အထည် ဖော်ရာမှာတော့ ငွေကျပ် သိန်း ၁၀၀ ထဲက ခွဲဝေ အသုံးပြုရမှာ ဖြစ်ကာ သုံးလအတွင်း ပြီးစီးနိုင်မယ့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာ လူထုကိုယ်တိုင် ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ဒီ စီမံကိန်း ကြောင့် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဝင်ငွေ ရရှိစေခြင်း၊ အခြေခံ အဆောက်အဦးများ၊ ကုန်ထုတ်လုပ်ငန်းများနဲ့ လယ်ယာ သားငါး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် အခု လအတွင်း ကယားပြည်နယ် ဘော်လခဲ ခရိုင် ဖားဆောင်း မြို့နယ်မှာ လည်းကောင်း၊ ချင်းပြည်နယ် တီးတိန် မြို့နယ်မှာ လည်းကောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်း မြို့နယ်မှာ လည်းကောင်း၊ Cash for Work စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်း ကော်မတီ ဖွဲ့စည်းခြင်းနဲ့ လုပ်ငန်းများ ရွေးချယ်ခြင်းတို့ကို တာဝန်ရှိ သူများက ကွင်းဆင်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီစီမံကိန်း အတွက် ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်များကို စီမံကိန်း စီမံခန့်ခွဲမှုနဲ့ ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းကို အခုလ ၁၃ ရက်နေ့က ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ်မှာ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး ငါန်းဇွန်မြို့နယ်မှာ လည်းကောင်း၊ မွန်ပြည်နယ် ရေးမြို့နယ်မှာ လည်းကောင်း၊ ဖွင့်လှစ် ပို့ချပေးခဲ့ကြောင်း သိရပါတယ်။

သတင်း - တိုင်းဒေသကြီးနှင့် ပြည်နယ် ပြန်/ဆက်

https://www.mrtv.gov.mm/mm/news-81267