မောက်မယ်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းမှ ဆောင်ရွက်ပြီးစီးသော လုပ်ငန်းခွဲများအား လူထုစစ်ဆေးပွဲကျင်းပ

မောက်မယ် ဇူလိုင် ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း (ဒုတိယနှစ်စက်၀န်း) နှစ်အတွက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားခဲ့သော ကဒူးကြီးကျေးရွာအုပ်စုရှိ ကျေးရွာများ၌ လူထုစစ်ဆေးပွဲများကို ဇူလိုင်လ ၈ ရက်မှ ၁၅ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆောင်ရွက်ရာတွင် လူထု၏လုပ်ပိုင်ခွင့်နှင့် ပူးပေါင်းပါဝင်မှုကို မြှင့်တင်ပေးရန်၊ ပွင့်လင်း မြင်သာမှု၊ ထိရောက်မှုနှင့် သက်ရောက်မှုတို့ကို မြှင့်တင်ပေးရန်၊ ကျေးရွာစီမံခန့်ခွဲမှုအဖွဲ့များ အနေဖြင့် ကျေးရွာ လူထုအပေါ်တာဝန်ယူမှု၊ တာဝန်ခံမှုသေချာစေရန်နှင့် ကျေးရွာလူထုများမှ မိမိတို့၏ ထင်မြင်ယူဆချက်များကို ပိုမိုထုတ်ဖော်ပြောဆိုတတ်လာပြီး ဝေဖန်အကြံပြုချက်များကို လိုအပ်လျှင်ဖြေရှင်းရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးထိန်းသိမ်းရေး လမ်းညွှန်ချက်များနှင့်အညီ တာဝန်ကျဝန်ထမ်းများမှ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းများအတွက် ကျေးရွာလူထုများမှ ကျေနပ်မှုမည်မျှ ရှိ/မရှိကို ရယူရန်အတွက် စစ်တန်းစာရွက်များအား လိုက်လံဝေငှပေးခဲ့ခြင်း၊ ပြန်လည်ကောက်ယူခြင်းဖြင့် ရရှိလာသော လုပ်ငန်းစဉ်နှင့် ရလဒ်ထွက်ရှိချက်များအား ပွင့်လင်းမြင်သာမှုရှိစေရန် ရည်ရွယ်၍ အစည်းအဝေးပွဲတွင်ချပြခြင်း၊ ကြော်ငြာဆိုင်းဘုတ်များတွင် ကပ်ထားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

လူထုစစ်ဆေးပွဲများကို ကဒူးကြီးကျေးရွာအုပ်စုအတွင်းရှိ ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ပြီးစီး သွားသော ကုန်းလုံးကျေးရွာ စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ဂါလံ(၄၀၀၀)ဆံ့ရေကန်၊ မိုက်ရှားစေးကျေးရွာ၊ ကယားရွာသစ်ကျေးရွာနှင့် ဗန်းမတ်ကျေးရွာ စိမ့်စမ်းရေသွယ် တန်းခြင်းလုပ်ငန်း၊ ဆောင်ကျဲကျေးရွာနှင့် ဖာလွမ့်ကျေးရွာတို့တွင် မီးလင်းရေး(ဆိုလာ)လုပ်ငန်းများ ဖြစ်ပြီး ယခု ဒုတိယနှစ်စက်ဝန်းတွင် ကဒူးကြီးကျေးရွာအုပ်စု၊ ကျေးရွာ (၂၄)ရွာ၌ လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ရံပုံငွေ သိန်း(၇၅၀)ဖြင့် လုပ်ငန်းခွဲပေါင်း (၁၄)ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းမျိုးသန့် (မောက်မယ်)

https://www.moi.gov.mm/iprd/?q=news%2F%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%2F16%2F07%2F2020%2Fid-24183&fbclid=IwAR3PizohF-ZYzC00KTmU0364tIoQuwz6-besNjTvVJcBgxOC9OPtt3F8n2g