ထီးချိုင့်မြို့၌ Cash For Work စီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်း ဖွင့်လှစ်

ထီးချိုင့် ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် Cash For Work စီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦး‌အောင်လွင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူး၊ Cash For Work စီမံကိန်းကျေးရွာ လူထုစီမံကိန်းစက်ဝန်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ Cash For Work စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ(၆)ရွာမှ ကော်မတီဝင် များ တက်ရောက်သင်ကြားပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဦး‌အောင်လွင်ဦးက စီမံကိန်းတွင် ဦးစီးဆောင်ရွက်မည့် ကော်မတီဝင်များ၏ တာဝန်များ၊ စီမံကိန်းတွင်ပါဝင်ရမည့် အိမ်ထောင်စု ရွေးချယ်ပုံ စသည့်စီမံ ခန့်ခွဲမှုဘာသာရပ်များကို လည်းကောင်း၊ စီမံကိန်းလုပ်ငန်း ရွေးချယ် ခြင်းနှင့် ငွေကြေးစီမံခန့်ခွဲခြင်း ဘာသာရပ်များကို လည်းကောင်း သင်ကြားပို့ချပေးသွားမည် ဖြစ်‌ကြောင်း သိရပါသည်။

နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေ လျော့နည်း လာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော Cash for Work စီမံချက်/ ကျေးရွာ မတည် ရန်ပုံငွေ စီမံချက် ( Village Revolving Fund Project) များပြုလုပ်လျက်ရှိရာ Cash For Work စီမံကိန်းကို အုတ်ဆုံကျေးရွာ၊ ဖုန်ကုန်းကြီးကျေးရွာ၊ ချိတ်သင်ကျေးရွာ၊ ဝန်တင်ကုန်းကျေးရွာ၊ ဘိုကုန်း ကျေးရွာနှင့် ဇီးသောင်ကျေးရွာတို့တွင် တစ်ရွာလျှင် စီမံကိန်း ထောက်ပံ့ငွေကျပ်သိန်း (၁၀၀) စီဖြင့် ကျေးရွာကုန်ထုတ်လုပ်မှုနှင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးတိုးတက်ရေး လုပ်ငန်းများကို ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ရဲလင်းထွန်း(ထီးချိုင့်)

https://www.moi.gov.mm/iprd/?q=news%2F%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%2F15%2F07%2F2020%2Fid-24039&fbclid=IwAR129RxTecRseO9RVnXnPakll2d2jZZTHtNP1EIjqIkvH-wBZA7PsPwgD6U