ကျောက်တန်း မြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများကို တိုင်းတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်း၊ ခရိုင် ဦးစီးမှူး ဒေါ်အေးအေးကြူ၊ တိုင်း လူထု ဗဟိုပြု စီမံကိန်း ရုံးက တာဝန်ရှိသူတွေ ကျောက်တန်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးထွန်းဝင်းလတ်နဲ့ တာဝန်ရှိသူများ အဖွဲ့ဟာ ဇွန်လ ၁၇ ရက်နေ့ မနက် ၁၀ နာရီက ပန်းတော ကျေးရွာမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေနဲ့ ဆောင်ရွက်တဲ့ မြေသား ရေကန် အသစ် တူးဖော်ခြင်း လုပ်ငန်း၊ လူထု ဗဟိုပြု စီမံကိန်း ရန်ပုံငွေနဲ့ ဆောင်ရွက်တဲ့ ရွာသစ်ကလေး ကျေးရွာ ကျေးရွာ ဘက်စုံသုံး ခန်းမ တည်ဆောက်ခြင်း၊ ဥယျဉ်ကျေးရွာ မူကြိုကျောင်း တည်ဆောက်ခြင်းနဲ့ ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း၊ ဇွဲကနာ ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းနဲ့ ကစားကွင်း တည်ဆောက်ခြင်း လုပ်ငန်းခွဲတွေကို ကွင်းဆင်း ကြည့်ရှု့ခဲ့ကြောင်း သိရှိရပါတယ်။

အဲဒီနောက် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိ ရပ်ဖတွေ၊ မြစိမ်းရောင် ကော်မတီဝင်တွေ၊ လူထု ဗဟိုပြု စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး လိုအပ်တာတွေကို လမ်းညွှန် မှာကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဇွဲကနာ ကျေးရွာနဲ့ ကရင်ချောင် ကျေးရွာတို့မှာ ကျောင်းထိုင် ဆရာတော် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိ ရပ်ဖတွေ ပရဟိတ အဖွဲ့တွေနဲ့အတူ မဟော်ဂနီ အပင် ၁၅၀ စိုက်ပျိုးခြင်းကို ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပြီး၊ ဇွဲကနာ ကျေးရွာမှာ လွှတ်တော် ရန်ပုံငွေ သိန်း တစ်ထောင် ဘတ်ဂျတ်ကနေ ရရှိတဲ့ ရန်ပုံငွေ သိန်း ၅၀ နဲ့ ဆောင်ရွက်တဲ့ အမှိုက် မီးရှို့စက် တည်ဆောက်နေတဲ့ အခြေအနေတွေကို လေ့လာ ကြည့်ရှု့ပြီး၊ လိုအပ်တာတွေကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါတယ်။

သတင်း - ခင်ဆွေဝင်း (ကျောက်တန်း)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank