ထီးလင်းမြို့နယ် ထန်းပင်ကုန်း ကျေးရွာ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်မှု ကွင်းဆင်း စစ်ဆေး

မကွေတိုင်း ဒေသကြီး ဂန့်ကောခရိုင် ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရှိ လူထုဗဟိုပြု စီမံကိန်းက စတုတ္ထနှစ် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ တော်ရား ကျေးရွာ အုပ်စု ထန်းပင်ကုန်း ကျေးရွာမှာ ကျေးရွာ လူထုကိုယ်တိုင် ရွေးချယ်ဖော်ထုတ်ထားတဲ့ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်းကို မေလ ၁၃ ရက်နေ့ မနက်ပိုင်းက ကွင်းဆင်းစစ်ဆေးတယ်လို့ သိရပါတယ်။

 

အဲဒီ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်နေမှုကို ထီးလင်း မြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ ဝယ်ယူရေး အရာရှိ ဒေါ်အေးစိုးဦး၊ လက်ထောက်နည်းပညာမှူး ဒေါ်သက်ဝေစိုးနဲ့ အဖွဲ့ဟာ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေ လုပ်ငန်းသုံး ပစ္စည်းတွေကို ထားရှိမှုနဲ့ အရည်အသွေး ပြည့်မှီမှု ရှိမရှိတို့ကို ကြည့်ရှု့ စစ်ဆေးပြီးတော့ လိုအပ်တာတွေကို ပံ့ပိုးလမ်းညွှန်မှာကြားတယ်လို့ သိရပါတယ်။

 

အဲဒီ ခန်းမဆောင်ဟာ အလျား ပေ ၈၀၊ အနံ ပေ ၄၀ အမြင့် ၁၁ ပေ ရှိတဲ့ သွပ်မိုး အုတ်ညှပ် တစ်ထပ်ဆောင် ဖြစ်ပြီး၊ လူထု ဗဟိုပြု စီမံကိန်း ပံ့ပိုးငွေကျပ် ၁၁၇ သိန်း၊ ကျေးရွာလူထု ထည့်ဝင်ငွေ ကျပ် ၅၈ သိန်း၊ စုစုပေါင်း ခန့်မှန်း ကုန်ကျငွေ စုစုပေါင်း ကျပ် ၁၇၅ သိန်း ဖြစ်ပြီး၊ ပညာရှင်တွေ ဌားရမ်းပြီးတော့ ကျေးရွာလူထုတို့နဲ့ ပူးပေါင်း အကောင်အထည်ဖော် တည်ဆောက်လျက်ရှိတယ်လို့ သိရပါတယ်။

 

ကျနော်တို့ ထန်းပင်ကုန်း ကျေးရွာက အိမ်ခြေ ၁၂၅ အိမ်၊ လူဦးရေ ၆၄၉ ယောက် ရှိပြီး၊ တောင်သား တိုင်းရင်းသား လူမျိုးတွေ နေထိုင်ကြတဲ့ ရွာတစ်ရွာ ဖြစ်ရုံသာမက နိုင်ငံခြားသားတွေလည်း မကြာခဏ လာရောက်လည်ပတ်တဲ့ ကျေးရွာ တစ်ရွာ ဖြစ်လို့ ဘက်စုံသုံး ခန်းမဆောင် ဆောက်လုပ်ပြီးစီးရင် ရပ်ရွာအတွက် သာရေး၊ နာရေး၊ အလှူအတန်း၊ အစည်းအဝေးတွေ လုပ်တဲ့ အခါတွေမှာ နေရာ အခက်အခဲ ဖြစ်နေတာတွေ အားလုံး ပြေလည်သွားတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဦးကံမြင့်က ပြောကြားပါတယ်။

 

လူထု ဗဟိုပြု စီမံကိန်းက ထီးလင်း မြို့နယ်ကျေးရွာ ၉၃ ရွာမှာ လုပ်ငန်းခွဲ စုစုပေါင်း ၁၂၉ ခု ရှိတဲ့အနက် ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်း ၂၄ ခု ရှိတယ်လို့ သိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank,