ကော့ကရိတ်မြို့နယ် ထီးဝါးဆူး ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ဖွင့်ပွဲကျင်းပ

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်မှ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူထုဗဟိုပြု စီမံကိန်းမှ ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် နောင်ထပ္ပံအုပ်စု ထီးဝါးဆူး ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၆ ရက်နေ့ နံနက် ၈ နာရီက ကျင်းပခဲ့ပါသည်။

ဖွင့်ပွဲ အခမ်းအနားကို ရွာဦးကျောင်းထိုင် ဆရာတော်၊ ကျေးရွာ ဥက္ကဌနှင့် ကျေးရွာ ရပ်မိရပ်ဖတို့ တက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ထီးဝါးဆူး ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က စတင် ပြုပြင် ကွန်ကရစ်ခင်းခဲ့ပြီး၊ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် လမ်းခင်းခြင်း လုပ်ငန်း ပြီးမြောက်ခဲ့ရာ မတ်လ ၆ ရက်နေ့တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကွန်ကရစ်လမ်းသည် အရှည် ၂၆၈၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ အမြင့် ရှိပြီး၊ စီမံကိန်း ထောက်ပံ့ငွေ ၃၇၄ သိန်းနှင့် လူထုထည့်ဝင်ငွေ ၁၇ သိန်းကျော် စုစုပေါင်း ရန်ပုံငွေ ၃၉၁ သိန်းကျော်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာ ပံ့ပိုးမှု၊ လူထု ဗဟိုပြု စီမံကိန်းမှ ဝန်ထမ်းများ၏ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ကျေးရွာလူထု ကိုယ်တိုင် ပါဝင်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။