လူထုဗဟိုပြု စီမံကိန်း လူထုစည်းရုံးရေးမှူး စွမ်းဆောင်ရည်မြှင့် မွမ်းမံ သင်တန်း ပေါက်မြို့နယ်တွင် ပို့ချ

“ကျေးလက်လူထု ဗဟိုပြု ဖွံ့ဖြိုးမှုကို တို့ရှေ့ရှု” ဆိုတဲ့ဆောင်ပုဒ်နဲ့ အညီ လူထုဗဟိုပြု စီမံကိန်းမှ လူထုစည်းရုံးရေးမှူးတွေကို စတုတ္ထနှစ် စက်ဝန်းမှာ အကောင်အထည်ဖော် ဆောင်ရွက်မယ့် ကျေးလက် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာမှာ အရေအသွေးပြည့်ဝစွာ ပိုမို လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးတော့ မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းမှာ လူထုစည်းရုံးရေးမှူးတွေ လုပ်ငန်း စွမ်းဆောင်ရည်မြှင့် မွမ်းမံ သင်တန်း အပိုင်း ၃ ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကျောင်းသစ် ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးသန်းက အဖွင့် အမှာ စကားပြောကြားပြီး၊ လူထုဗဟိုပြု စီမံကိန်းမှ အဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်က ဝန်ထမ်းတွေ အနေနဲ့ စီမံကိန်း ရည်ရွယ်ချက် အတိုင်းဆောင်ရွက်ကြဖို့ ပြောကြားပါတယ်။

အဲဒီနောက်မှာတော့ နည်းပညာ အကြံပေး ကျား-မ ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်းက လူထုစစ်ဆေးပွဲတွေ လုပ်ကိုင်ဆောင်ရွက်ရာမှာ အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့အတွက် သင်တန်းကို ဖွင့်လှစ် သင်ကြားရတာ ဖြစ်ကြောင်း ပြောကြားပါတယ်။

ဒီသင်တန်းကို လက်ထောက်နည်းပညာမှူး ၂၆ ဦး၊ လူထုစည်းရုံးရေးမှူး ၃၉ ဦး၊ စုစုပေါင်း ၆၅ ဦး တက်ရောက်ခဲ့ပြီးတော့ သင်တန်းကာလကတော့ ၃ ရက် ဖြစ်ပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank