တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းရုံးခွဲ လပတ်အစည်းအဝေးကျင်းပ

မကွေး  ဇွန်  ၇

မကွေးတိုင်းဒေသကြီးအတွင်း ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပတ်သတ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၇ ရက်နေ့ နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းရုံးခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးသန်းထိုက်ဇော် က လူထုဗဟိုပြုစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းခွဲများ အချိန်မီပြီးစီးရေး ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း စီမံကိန်းလုပ်ငန်း များဆောင်ရွက်ရာတွင် တွေ့ကြုံရသောအခက်အခဲများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး ပေးစေလိုကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားပါသည်။

 ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံများ၊ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် များက  လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းခွဲပြီးစီးမှုအခြေအနေများ၊ တွေ့ကြုံရသောအခက်အခဲ များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါအစည်းအဝေးကို တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းရုံးခွဲတာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံကိန်းတာဝန်ခံများနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင်များတက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးအတွင်း လူထုဗဟိုပြုစီမံကိန်းကို မင်းတုန်း၊ ပေါက်၊ ထီးလင်း၊ ဆောမြို့နယ်(၄)မြို့နယ်တွင် လူထုဗဟိုပြုအခြေခံအဆောက်အအုံလုပ်ငန်းခွဲ ၆၇၂ခု ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အခုအခါ စီမံကိန်း လုပ်ငန်း ၄၇၄ ခုကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

  စိုးမိုးကျော်