ရွာချင်းဆက် ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် လူထုစစ်ဆေးပွဲအခမ်းအနားပြုလုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း ပထမနှစ်စက်ဝန်း ရေကျော်ကြီးကျေးရွာအုပ်စု သာယာကုန်း ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရွာချင်းဆက်ကွန်ကရစ်လမ်းအား ကျေးရွာသူ/သားများ ကိုယ်တိုင်ဦးဆောင်ကာ ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာဖွင့်လှစ်ကျင်းပခဲ့ပါသည်။ အဆိုပါ ရွာချင်းဆက် ကွန်ကရစ်လမ်းမှာ အတိုင်းအတာ(၁၃၁၈×၁၂×၆)ရှိပြီး စီမံကိန်းထောက်ပံ့ငွေ (၁၆၅)သိန်းနှင့် လူထုထည့်ဝင်ငွေ (၃၈၇၂၀၀၀)ကျပ် ဖြင့် (၁၉.၁.၂၀၁၉)ရက်နေ့မှ စတင်ဆောင်ရွက်ကာ (၂၈.၂.၂၀၁၉)ရက်နေ့တွင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးခဲ့ပါသည်။ ထို့နောက် ကျေးရွာလူထုအားလုံးပူးပေါင်းပါ၀င်၍ လူထုစစ်ဆေးပွဲကို ဆက်လက်ဆောင်ရွက်ပြီး ကျေးရွာအတွက် လူထုဗဟိုပြုစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ခြင်းအား မဲစနစ်ဖြင့်ဆောင်ရွက်ခဲ့ကာ လာမည့်နှစ်အတွက် ရလာဒ်ကောင်းများ ရရှိစေရန် အုပ်စုဖွဲ့ဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။ ထို့အပြင် ကျေးရွာလူထုမှ ရွာသားတစ်ဦးမှလည်း “ယခုကဲ့သို့ ရွာချင်းဆက်ကွန်ကရစ်လမ်းဖြစ်သွားတဲ့အတွက် မိုးရာသီမှာ ကြုံတွေ့နေရတဲ့ ဒုက္ခတွေမခံစားရတော့ဘူး၊ ယခု သွားရေးလာရေးတွေ များစွာအဆင်ပြေသွားတယ် အချိန်ကုန်သက်သာသွားတယ် လမ်းကောင်းသွားတဲ့အတွက် ကျန်းမာရေး၊ လူမှူရေး၊ စီးပွားရေးတွေလည်း များစွာအကျိုးရှိသွားတယ်၊ ယခုလိုလမ်းမျိုးဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောက်ရွက်ပေးကြသော ကျေးလက်ဝန်ထမ်းများနှင့် ကျေးရွာကော်မတီဝင်များကိုလည်း အထူးကျေးဇူးတင်ပါတယ်” ဟု ၄င်း၏ ရင်တွင်းခံစားချက်ကို ပြောကြားခဲ့ပါသည်။