အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အကြိုအခမ်းအနားကျင်းပပြုလုပ်

ဖရူဆို၊ မတ်လ (၇)ရက်

           လာမည့်မတ်လ(၈) ရက်နေ့တွင်ကျရောက်မည့်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကယားပြည်နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှ ဦးဆောင်မှုနှင့်အတူ စီမံကိန်းမြို့နယ်များဖြစ်ကြသော လွိုင်ကော်+ရှားတော၊ ဒီမော့ဆို၊ ဖရူဆို၊ ဖားဆောင်း+ဘောလခဲ+မယ်စဲ့ စသည့်မြို့နယ်များမှ အတူတကွပူးပေါင်း၍ ဖရူဆိုမြို့နယ် ၊ မြို့နယ်ခန်းမတွင် Campaign အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

         အခမ်းအနားအားနံနက်(၁၀း၀၀) နာရီချိန်တွင်စတင်ကျင်းပပြုလုပ်ခဲ့ပြီး  ရှေးဦးစွာ ကယားပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဘောစ့်ကိုမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ကယားပြည်နယ်လူထုဗဟိုပြုစီမံကိန်းရုံး ဒုတိယတာဝန်ခံဒေါ်နော်ချောစုမှ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဖရူဆိုမြို့နယ်လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများမှ ထာဝရဖဲကြိုးဖြူသီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ကျား/မ ရေးရာတာဝန်ခံ ဒေါ်သန္တာစိုးမှ အမျိုးသမီးကဏ္ဍနှင့်ပတ်သက်၍ Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနားတွင် အမျိုးသမီးများနှင့်ပတ်သက်သော Video Clip များပြသခြင်း၊ ညဏ်စမ်းပဟေဠိမေးခွန်းများမေးမြန်းခြင်းလက်ဆောင်များချီးမြှင့်ခြင်းများဆောင်ရွက်ခဲ့ပြီးနောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်မှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ တက်ရောက်လာသူများနှင့် အတူအမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအားအောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

       အခမ်းအနားသို့ဝန်ကြီးဦးဘောစ့်ကိုနှင့်အတူ၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူထုဗဟိုပြုစီမံကိန်းကျေးရွာကော်မတီဝင်များ၊ မြစိမ်းရောင်ကော်မတီဝင်များဖိတ်ကြားထားသောဧည့်တော်များအသီးသီးတက်ရောက်ခဲ့ကြပါသည်။