တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်မှုများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)နှင့် ကမ္ဘာ့ဘဏ်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ပူးပေါင်းလျက် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဦးဝင်းမင်းထွန်း(လက်ထောက်ညွှန်ကြားရေးမှူး)၊ ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူ ဒေါ်သိင်္ဂီမင်း၊ ပြည်နယ်စီမံကိန်းတာဝန်ခံ ဦးတင်ကိုထွဋ်(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် Cardno Myanmar မှဒေါ်အေးအေးခိုင်နှင့်အဖွဲ့ဝင်များသည် တွန်းဇံမြို့နယ်၊ ရှာထော်ဇန်ကျေးရွာနှင့် ဗျဲလ်ကျင်းကျေးရွာများတွင် (၁၇.၂.၂၀၁၉)ရက်နေ့နှင့် (၁၈.၂.၂၀၁၉)ရက်နေ့များတွင် ကွင်းဆင်းခဲ့ကြပါသည်။

ရှေးဦးစွာတာဝန်ရှိသူများသည် တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ပထမနှစ်စက်ဝန်း)တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် လမ့်ထန်ကျေးရွာအုပ်စု၊ ရှာထော်ဇန်ကျေးရွာ၊ မူကြိုကျောင်းဆောင်နှင့်      ရွာချင်းဆက်မြေရောကျောက်စရစ်လမ်းအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာကော်မတီဝင်များ၊ ကျေးရွာလူထုများက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများနှင့် နောင်လာမည့် စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။

ဆက်လက်၍ တာဝန်ရှိသူများသည် တုန်းတွောင်ကျေးရွာအုပ်စု၊ ဗျဲလ်ကျင်းကျေးရွာနှင့် တုန်းတွောင်ကျေးရွာများသို့ရောက်ရှိပြီး လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)ဆောင်ရွက်ပြီးစီးမှုနှင့်ပတ်သက်၍ တာဝန်ရှိကော်မတီဝင်များ၊ ကျေးရွာပြည်သူလူထုများနှင့်တွေ့ဆုံ၍ လက်ရှိဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ အခက်အခဲများနှင့်ကျေးရွာလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး     ကမ္ဘာ့ဘဏ်မှဒေါ်သိင်္ဂီမင်းက လုပ်ငန်းများဆောင်ရွက်ရာတွင် အချင်းချင်းယုံကြည်လေးစားပြီး အတူတကွပူးပေါင်းပါဝင်ကြပါရန်နှင့်ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များကို မြို့နယ်ကျေးလက်ဦးစီးရုံးနှင့်ချိတ်ဆက်ဆောင်ရွက်ရန်နှင့်လည်ပတ်ပြုပြင်ထိန်းသိမ်းရေးအစီအစဉ်များကိုလည်း ကောင်းမွန်စွာလိုက်နာကျင့်သုံးကြပါရန်မှာကြားခဲ့ပါသည်။