မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုခန်းမ(၂)၊ နေပြည်တော်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း တတိယနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးကို (၁၅.၉.၂၀၁၆)တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပခဲ့သည်။ အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ စီမံကိန်းသက်ဆိုင်သူများကို ဖိတ်ခေါ်၍ ပြီးခဲ့သည့် စီမံကိန်းနှစ်မှ ရရှိလာသော အတွေ့အကြုံများကို ဖလှယ်ပြီး နောက်နှစ် စီမံကိန်းအတွက် ပိုမိုတိုးတက်ကောင်းမွန်သော စီမံကိန်းဒီဇိုင်းများနှင့် အကောင်အ ထည်ဖော်ရေး နည်းလမ်းများကို ဆွေးနွေးညှိနှိုင်းရန်ဖြစ်သည်။ အစည်းအဝေးတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာနိုင်ငံတကာဆိုင်ရာ သံအမတ်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စီမံကိန်းမြို့နယ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နည်းပညာအကြံပေးအဖွဲ့များနှင့် ကျေးရွာကော်မတီဝင်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံတကာဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဘက်အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာလူမှုရေးအသင်းအဖွဲ့များ၊ နည်းပညာအကြံပေးများ၊ သတင်းမီဒီယာအဖွဲ့များ အပါအဝင် စီမံကိန်း သက်ဆိုင်သူစုစုပေါင်း (၇၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။
ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် လူထုဗဟိုပြုစီမံကိန်း သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များအားလုံးကို ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါကြောင်း၊ မြန်မာနိုင်ငံသည်ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ အာဆီယံနှင့် ဒေသတွင်းနိုင်ငံများနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ရေးအတွက် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုမှ ယုံကြည်ချက်မြင့်မားစွာ မွေးထုတ်ပေးလိုက်သောဒီမိုကရေစီအစိုးရသစ်ဖြစ်သည်နှင့်အညီ ပြည်သူလူထု၏မျှော်မှန်းချက်၊ ဆန္ဒနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ခေတ်သစ်စနစ်သစ်တစ်ခုကို ရဲရဲဝံ့ဝံ့ စတင်ပြောင်းလဲဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းတည်ဆောက်ထားပြီး မတူကွဲပြားသော ယဉ်ကျေးမှု၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်းများလည်း တည်ရှိပါကြောင်း၊ နိုင်ငံလူဦးရေ၏(၇၀%)သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ကျေးလက်နေပြည်သူ သုံးပုံတစ်ပုံခန့်သည် ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြ၍ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် ခက်ခဲနက်နဲပြီး နိုင်ငံတော်အစိုးရတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရဘဲ လူထုလူတန်းစားအလွှာပေါင်းစုံ၊ သက်ဆိုင်သူအားလုံးပါဝင်ပြီး ဘက်စုံ၊ကဏ္ဍစုံ ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲချမှတ်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူတို့၏ အကျိုးစီးပွားကို ထိရောက်စွာ ဆောင်ကြဉ်းပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မူဝါဒများ၊ လုပ်ငန်းစဉ်များ ရေးဆွဲလျက်ရှိပြီး မကြာခင်ထုတ်ပြန်၊ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာမှာ ဒေသခံပြည်သူများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသည့်အတွက် ပြည်သူဗဟိုပြု ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အားပေး မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်သူအားလုံး ပါဝင်ဆောင်ရွက်နိုင်မည့် ပတ်ဝန်းကျင်ကောင်းများ၊ အလေ့အကျင့်ကောင်းများကို ဖန်တီးပေးနေသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူး ပေါင်းဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်းသည် ရေးဆွဲထားသော မဟာဗျူဟာ ထဲမှ အရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ကျေးလက်ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနှင့် ပြည်သူ့ရေးရာဝန်ဆောင်မှုများကို ပြည်သူဗဟိုပြု ချဉ်းကပ်မှုနည်းလမ်းဖြင့် ဖော်ဆောင်ရန်၊ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက လျင်မြန်စွာတုန့်ပြန်ဖြေရှင်းနိုင်ရန်နှင့် စွမ်းဆောင်ရည်များ မြင့်မားလာစေရန် ရည်ရွယ်သည့် ဤစီမံကိန်းကိုဆောင်ရွက်ခဲ့သည်မှာ ယခုစတုတ္ထနှစ်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်၍ ပြည်သူဗဟိုပြုနိုင်ငံတကာအဆင့်မီ စီမံကိန်းဖြစ်သည်နှင့်အညီ စီမံကိန်းမြို့နယ်များ ရွေးချယ်ရာတွင်လည်း ဝန်ကြီးဌာန၏ သဘောတစ်ခုတည်းဖြင့် ရွေးချယ်ဆောင်ရွက် ခြင်းမပြုပဲ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ဒေသတွင်းဖွံ့ဖြိုးရေးဆောင်ရွက်နေသော မိတ်ဖက်အဖွဲ့အစည်းများနှင့် လူထုအခြေပြုအဖွဲ့အစည်းများအား ဖိတ်ကြား၍ သတ်မှတ်ညွှန်းကိန်းများအပေါ် အခြေခံကာ အများသဘောတူ ရွေးချယ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ စီမံကိန်းစတင်စဉ်က မြို့နယ် (၁၅) မြို့နယ်၌သာ ဆောင်ရွက်ရန် သဘောတူညီခဲ့သော်လည်း လူထုဗဟိုပြုစီမံကိန်း၏ အပြောမဟုတ် လက်တွေ့ကျသည့် အောင်မြင်မှုများကြောင့် ရန်ပုံငွေများတိုးတက်ရရှိလာကာ မြို့နယ် (၆၃) မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်သွားနိုင်တော့မည် ဖြစ်ပါကြောင်း၊ ကျေးရွာအဆင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း လူထုဦးဆောင်သည့်အသွင်ဖြင့် ကျေးရွာလူထုမှ မိမိတို့လိုအပ်ချက်များကို ဖော်ထုတ်၍ မိမိတို့ရပ်ရွာဖွံ့ဖြိုးရေး အစီအစဉ်များကို အများသဘောတူ ရွေးချယ်၊ စီမံအကောင်အထည်ဖော် ဆောင်ရွက်ပြီးရပ်ရွာမှ စောင့်ကြည့်စစ်ဆေး အကဲဖြတ်သည့် နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် တိယနှစ်ကာလအတွင်း စီမံကိန်းမြို့နယ် (၂၇) မြို့နယ်ရှိ ကျေးရွာ ပေါင်း (၅၄၆၅) ရွာ၌ စီမံကိန်းလုပ်ငန်းခွဲပေါင်း (၆၆၀၉) ခုကို ငွေကျပ် (၄၆.၉၈) ဘီလီယံဖြင့် ကျေးရွာလူထုကိုယ်တိုင်မှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကျေးလက်လူဦးရေ (၃.၁၆) သန်း၏အခြေခံနှင့် လတ်တလောလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါကြောင်း၊ စီမံကိန်းကျေးရွာများ၌ ကျေးလက်လမ်းတံတား၊ ရေရရှိရေး၊ မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာရုံသာမက ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည်များ၊ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖွံ့ဖြိုးလာခဲ့ပြီး ဒီမိုကရေစီအလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပါကြောင်း၊ မိမိတို့၏ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာလူထုမှ ဒီမိုကရေစီနည်းလမ်းကျကျ စနစ်တကျစုပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လူထုစည်းရုံးရေးမှူးများ၊ နည်းပညာအကြံပေးများမှ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ကျေးရွာလူထု (၇၃%) သည် စီမံကိန်းလုပ်ငန်းများတွင် ထဲထဲဝင်ဝင်တက်ကြွစွာ ဦးဆောင်ပါဝင်ဆောင်ရွက်လျက်ရှိသည်ကိုလည်း ဝမ်းမြောက်စွာ တွေ့မြင်နေရပါကြောင်း၊ အလေအလွင့်ခြစားမှုမရှိ စီမံကိန်းလုပ်ငန်းများကို စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်ကိုလည်း ဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့မှ နည်းပညာ စစ်ဆေးခြင်း (Technical Audit)၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ငွေစာရင်းစစ်ဆေးခြင်း(Financial Audit)နှင့် ကျေးရွာလူထုကိုယ်တိုင် စစ်ဆေးအကဲဖြတ်ခြင်း (Social Audit) တို့ကိုလည်း စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုအားကောင်းစေရန် အတွက်လည်း ဝေဖန်အကြံပြုတိုင်ကြားချက် ဖြေရှင်းရေးယန္တရားကို ထည့်သွင်းထားပြီး ထိရောက်စွာ အသုံးချဆောင်ရွက် လျက်ရှိပါကြောင်း ပြီးခဲ့သည့်နှစ်အတွင်း စီမံကိန်း အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ သိရှိလိုသည်များမေးမြန်ချက်နှင့် ဝေဖန်အကြံပြု တိုင်ကြားချက် (၃၃၆၁) ချက် လက်ခံရရှိခဲ့ပြီး (၂၈၂၂) ချက်ကို ရှင်းလင်းဖြေကြားခဲ့ပြီးဖြစ်ကာ ကျန်အချက်များကို ဆက်လက်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တင်ပြပါကိန်းဂဏန်းများကို ကြည့်ခြင်းအားဖြင့် ကျေးရွာလူထုအနေဖြင့် မိမိရပ်ရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သလို မကျေနပ်ချက်များရှိလာပါကလည်း မိမိတို့၏ဆန္ဒကို လွတ်လပ်ပွင့်လင်းစွာဖော်ပြနိုင်သည့် ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုယန္တရားများ ဖြစ်ပေါ်နေသည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ ကျေးလက်ပြည်သူများ၏ လိုအပ်ချက်များကို အထိရောက်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ယခင်နှစ်များကမှရရှိခဲ့သည့် အတွေ့အကြုံများ၊ သင်ခန်းစာများနှင့်စိန်ခေါ်မှုများကို မျှဝေဆွေးနွေး အဖြေရှာကြရမှာဖြစ်သလို ဆွေးနွေးပွဲမှရရှိသည့် အကြံပြုချက်များအပေါ်အခြေခံ၍ နောင်လာမည့် စီမံကိန်းစက်ဝန်းတွင် လိုအပ်သည်များကို ပြင်ဆင်ဖြည့်စွက်ရမှာလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်းယခုကဲ့သို့ သက်ဆိုင်သူ အားလုံးပါဝင်သည့် သုံးသပ်ဆွေးနွေးပွဲများ ကျင်းပရခြင်းပင်ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် သုံးသပ်ဆွေးနွေးပွဲမှ ဖြည့်စွက်အကြံပြုချက်များ၊ အတွေ့အကြုံ မျှဝေမှုများ၊ သင်ခန်းစာဖော်ထုတ်ချက်များသည် စီမံကိန်းအောင်မြင်စေရန် များစွာ အထောက်အကူပြုမှာဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် မြေပြင်တွင် ဖြစ်ပေါ်နေသော ပကတိဖြစ်ရပ်မှန်အခြေအနေများ၊ အတွေ့အကြုံများ၊ ကျေးလက်နေ ပြည်သူများ၏ အသံနှင့်ခံစားချက်များကို အရှိကိုအရှိတိုင်း ပွင့်ပွင့်လင်းလင်းဆွေးနွေး တိုင်ပင်အကြံပြုပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များမှလည်း ဤဆွေးနွေးပွဲမှ အကြံပြုချက်များကို လေးလေးနက်နက်စဉ်းစား၍ စတုတ္ထနှစ်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထည့်သွင်းဆောင်ရွက်သွားကြရန်နှင့် ရေရှည်တွင်စီမံကိန်းကို မည်သည့်ပုံစံဖြင့် ဆက်လက်ဆောင်ရွက် သွားသင့်သည်၊ ဗဟိုချုပ်ကိုင်မှုစနစ် လျော့နည်းရေး မည်သို့လုပ်ဆောင် သွားသင့်သည်၊ တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ရန် မည်သို့စီမံပြီး မည်သို့ချဉ်းကပ် ဆောင်ရွက်သွားကြမည်ကို မျှော်မှန်းဆွေးနွေးတိုင်ပင်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် အိမ်ထောင်စုတစ်စုချင်း ဖွံ့ဖြိုးတိုးတက်မှ ကျေးရွာဖွံ့ဖြိုးမည်၊ ကျေးရွာများဖွံ့ဖြိုးတိုးတက်မှ မြို့နယ်များဖွံ့ဖြိုးတိုးတက်မည်၊ မြို့နယ်များဖွံ့ဖြိုးတိုး တက်မှလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး တစ်တိုင်းပြည်လုံး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အတွက် စီမံကိန်းနှင့်သက်ဆိုင်သူအားလုံးမှ ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ယခုလို ပြည်သူဗဟိုပြုပုံစံဖြင့် အစိုးရနှင့်ပြည်သူ ချစ်ကြည်စည်းလုံးစွာ ညီညီညွတ်ညွတ်ဖြင့် စုပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် မြန်မာနိုင်ငံတော်ကြီးသည် နိုင်ငံတကာနှင့် ရင်ဘောင်တန်း အမြန်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သည့်အတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါကြောင်းဖြင့် အမှာစကားပြောကြားသွားခဲ့ပါသည်။
၎င်းနောက် ကမ္ဘာ့ဘဏ်မှ Country Manager Mr. Abdoulayeseck မှ စီမံကိန်းအကြောင်းအရာများကို ရှင်းလင်းအမှာစကားပြောကြားခြင်း၊ ယခုပြီးဆုံးခဲ့သော တတိယနှစ်စက်ဝန်းမှ ကျေးရွာလူထု၏ စီမံကိန်းအကောင်းဆုံးဆောင်ရွက်နိုင်ခဲ့မှု အခြေအနေအပေါ်မူတည်၍ (၁၈)မြို့နယ်ရှိ ကျေးရွာအုပ်စုနှင့် ကျေးရွာများအား ဆုတံဆိပ်ပေါင်း (၃၆)ဆုအား ပေးအပ်ချီးမြှင့်ပေးခဲ့ပါသည်။ ညွှန်ကြားရေးမှူး ဦးလှခိုင် (စီမံကိန်းမန်နေဂျာ)မှ စီမံကိန်းလုပ်ငန်းခွဲများ ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့မှုများ၊ တိုးတက်မှုအခြေအနေများ၊ နည်းပညာစစ်ဆေးခြင်းနှင့် လူထုစစ်ဆေးပွဲများ ကျင်းပဆောင် ရွက်မှုအကျဉ်း၊ မြို့နယ်သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲများ ကျင်းပ ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် စီမံကိန်း၏ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
၎င်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ Country Director Dr. Kim Ninh (The Asia Foundation) နှင့် ကမ္ဘာ့ဘဏ်မှ Senior Social Development Specialist Mr. Nikolas Myint တို့မှ လူထုဗဟိုပြုစီမံကိန်း ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများအား ဒီမိုကရေစီ နည်းလမ်းများကို အသုံးပြုတတ်လာစေကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ စီမံကိန်း သတင်းထုတ်ပြန်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခြင်း၊ တက်ရောက်လာသူများမှ စီမံကိန်းနှင့် ပတ်သက်၍ သိရှိလိုသည်များမေးမြန်းခြင်းနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်း လင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် မြို့နယ်အဆင့် သက်ဆိုင်သူ ပေါင်းစုံပါဝင် သော သုံးသပ်ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြသည့် ခေါင်းစဉ်(၇)ခု၏ ရလဒ်များအပေါ် အခြေပြု၍ အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှု ရလဒ်များ၊ အစီရင်ခံစာများကို အုပ်စုအလိုက် ပြန်လည်တင်ပြခြင်း များပြုလုပ်ခဲ့ကြသည်။ ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်မှ အပိတ်အမှာစကား ပြောကြားခဲ့ပါသည်။
စီမံကိန်းစက်ဝန်းပြီးဆုံးချိန်တိုင်းတွင် မြို့နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်း အစည်းအဝေးပွဲအား ကျင်းပပြုလုပ်ပြီး ပြီးခဲ့သည့် စီမံကိန်းနှစ်မှ ရရှိခဲ့သည့် အတွေ့အကြုံများ၊ အားသာချက်/အားနည်းချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အစည်းအဝေးမှ ရရှိလာသော ဆွေးနွေး ချက်များ၊ အကြံပြုချက်များကို နောက်နှစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ပိုမိုကောင်းမွန်စေရန် အကျိုးရှိစွာ ပြည်လည်အသုံးပြု ဆောင်ရွက်သွားမည်ဖြစ် သည်။ လူထုဗဟိုပြုစီမံကိန်းကို မြန်မာနိုင်ငံရှိ မြို့နယ် (၂၇)မြို့နယ်တွင် အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လာမည့်(၂၀၁၆-၂၀၁၇)ဘဏ္ဍာနှစ်တွင် မြို့နယ် (၂၀) တိုးချဲ့ဆောင်ရွက်မည်ဖြစ်သည်။ ဤစီမံကိန်းသည် ကျေးရွာအုပ်စု (၁၂၁၁)ရှိ ကျေးရွာ ပေါင်း (၅၄၆၅) မှ လူဦးရေ (၃.၁၆)သန်းအား အကျိုးပြုလျက်ရှိပါသည်။ စီမံကိန်းကာလကို ၂၀၂၁ ခုနှစ််အထိ သတ်မှတ်ထားပြီး မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း (၆၃)မြ်ို့နယ်အထိ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လျာထားလျက်ရှိပါသည်။