ဝိုင်းမော်မြို့နယ်၌ ကျေးရွာအဆင့် လူထုဗဟိုပြု စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

NCDDP’s Village Level Socialization Meeting Organized in Waingmaw

Kachin, 23 December 2020, Ministry of Information

ဝိုင်းမော် ဒီဇင်ဘာ ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနား ခရိုင်၊ ဝိုင်းမော် မြို့နယ်တွင် ကျေးရွာအဆင့် လူထုဗဟိုပြု စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မိုင်းနား ကျေးရွာ ဩဟိတ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးအောင်က အမှာစကား ပြောကြားပြီး ပြည်နယ် ကျေးလက်ဒေသ ဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်း(ရုံးခွဲ)မှ ဦးစီးအရာရှိ စီမံကိန်း တာဝန်ခံ-၂ ဒေါ်ဝေမွန်အောင်နှင့် အင်ဂျင်နီယာ ဒေါ်ငြိမ်းသူဇာတို့က စီမံကိန်းတွင် ပါဝင်သော အစိတ်အပိုင်းများ၊ ငွေကြေး စီးဆင်းပုံများ၊ စီမံကိန်း မြို့နယ်များ ရွေးချယ်မှု အတွက် သတ်မှတ်ချက်၊ စံနှုန်းများ၊ အဖွဲ့အစည်း ဖွဲ့စည်းမှုများ နှင့်ပတ်သက်၍ စီမံကိန်း ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ပြည်နယ်ကျေးလက် ဒေသ ဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်း(ရုံးခွဲ)မှ ပြည်နယ် အကြံပေး ဒေါ်မာလာဝင်းမှ စီမံကိန်း ဝန်ထမ်းများ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက လူထုဗဟိုပြု စီမံကိန်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မိုင်းနားကျေးရွာနှင့် နောင်ချိန်း ကျေးရွာမှ ဒေသခံ ပြည်သူများ (၃၀) ဦး ထက် မပိုဘဲ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိသည်။

 

ခိုင်သက်မွန်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/25640