လူထု ဗဟိုပြု စီမံကိန်းမှ မဘိမ်း မြို့နယ် ငါးအိုးကျေးရွာ ဘက်စုံသုံး ခန်းမဆောင် လုပ်ငန်းအတွက် လူထု စစ်တမ်း ကောက်ယူ

Social Audit Conducted for NCDDP’s Village Hall Construction in Ngar Oe Village of Mabein

Shan, 11 December 2020

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်း မြို့နယ်တွင် ကမ္ဘာ့ဘဏ်၏ ပံ့ပိုးမှုဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှ ငါးအိုးကျေးရွာ အုပ်စု၊ ငါးအိုးကျေးရွာ ဘက်စုံသုံး ခန်းမဆောင် ဆောက်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီး သွားပြီဖြစ်ရာ လူထုစစ်ဆေးပွဲ အတွက် စီမံကိန်းလုပ်ငန်း စာရင်းဇယားများကို ကျေးရွာ ကြော်ငြာသင်ပုန်းတွင် ကပ်ခြင်း၊ အသံချဲ့စက်နှင့် အသိပေး ကြော်ငြာခြင်းတို့ ပြုလုပ်ပြီး၊ ကျေးရွာလူထု၏ စိတ်ကျေနပ်မှု မဲဆန္ဒကို ကျေးရွာတာဝန်ခံများနှင့် ကျေးရွာ‌ စီမံကိန်း ‌ကော်မတီဝင်‌များက အိမ်တိုင်းစေ့ သွားရောက် ကောက်ယူခဲ့ကြသည်။

အဆိုပါ ဘက်စုံသုံး ခန်းမဆောင်မှာ အတိုင်းအတာ အလျား ၉၆ ပေ၊ အနံ ပေ ၄၀ နှင့် အမြင့် ၁၃ ပေ ၆ လက်မ ရှိပြီး စီမံကိန်း ထောက်ပံ့ငွေ ကျပ် (၃၉၅) သိန်းနှင့် ကျေးရွာလူထုမှ ငွေကျပ် (၁ ဒသမ ၅) သိန်း ထည့်ဝင်ကာ စုစုပေါင်း ကုန်ကျငွေကျပ် ၃၉၆ ဒသမ ၅ သိန်းဖြင့် ၂၀၂၀ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ ပြီး၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် လုပ်ငန်း ပြီးစီးခဲ့ခြင်း ဖြစ်သည်။

ငါးအိုးကျေးရွာရှိ ဘက်စုံသုံး ခန်းမဆောင်အတွက် ကျေးရွာလူထု ဆန္ဒမဲ ကောက်ယူရာတွင် ကျေးရွာရှိ အိမ်ထောင်စု ၁၂၆၄ စုတို့မှ စီမံကိန်း လုပ်ငန်း အပေါ် အလွန်ကျေနပ် မဲ ၁၀၇၀ မဲနှင့် ကျေနပ်မဲ ၁၉၄ မဲ ရရှိခဲ့ပြီး၊ စီမံကိန်း လုပ်ငန်းအပေါ် မကျေနပ်မဲ မရှိကြောင်း ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီ ဥက္ကဌ ဒေါ်စန်းစန်း‌မော်က ပြောသည်။

လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် မဘိမ်း မြို့နယ်ရှိ စီမံကိန်း လုပ်ငန်းခွဲပေါင်း (၃၅) ခု အနက် (၂၇)ခု ဆောင်ရွက်ပြီးစီး သွားပြီဖြစ်ကြောင်း မဘိမ်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းတင်ထွန်းဦးက ပြောကြားသည်။

ကိုကိုအောင်(မဘိမ်း)