တာချီလိတ်ခရိုင်အတွင်းရှိ ကျေးရွာ ၄၈ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

Rural Development Activities under Cash for Work and VDP Projects in Tachileik Completed

Shan, 30 September 2020, Myanmar Digital News

တာချီလိတ် ၃၀ စက်တင်ဘာ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ခရိုင်အတွင်းရှိ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း စသည့် မြို့နယ် သုံးမြို့နယ်တွင် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း (VDP)ထောက်ပံ့ ရန်ပုံငွေ၊ ပြည်သူ ထည့်ဝင်ငွေတို့ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဖေဖော်ဝါရီလမှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ် ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

တာချီလိတ်ခရိုင် အတွင်း ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် Cash for Work စီမံကိန်းဖြင့် ခရိုင်အတွင်းရှိ တာချီတ်လိတ် မြို့နယ်မှ ကျေးရွာ ၁၈ ရွာ၊ မိုင်းဖြတ်မြို့နယ်မှ ကျေးရွာ ၁၅ ရွာ၊ မိုင်းယောင်းမြို့နယ်မှ ကျေးရွာ ၁၅ ရွာ စုစုပေါင်း ကျေးရွာ ၄၈ ရွာတွင် ကျေးရွာအဝင်နှင့် ကျေးရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်း ၃၆ ခု၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းတစ်ခု၊ ကျေးလက်ရေရရှိရေး လုပ်ငန်း လေးခု၊ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်း ရှစ်ခု၊ စုစုပေါင်းလုပ်ငန်း ၄၉ ခုကို စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် သန်း ၄၈၀ ၊ ပြည်သူ ထည့်ဝင်ငွေကျပ် ၂၅၄ ဒသမ ၆၉သန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ နည်းပညာပံ့ပိုးပြီး ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် ဖေဖော်ဝါရီလမှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း တာချီလိတ် ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၏ ပြောပြချက် အရ သိရသည်။

ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့တော့ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းကို LIFT Fund နည်းပညာအကူအညီနဲ့ စတင် ဆောင်ရွက်ခဲ့တာပါ။ အခု စီမံကိန်းကနေ ကျေးရွာရဲ့ ပကတိ လိုအပ်ချက်တွေ ပါဝင်တဲ့ ဦးစားပေး အလိုက် လုပ်ငန်း စီမံချက်တွေ ရရှိအောင် ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင်ရေးဆွဲ နိုင်ခဲ့ပါတယ်။ ဌာနအနေနဲ့တော့ စီမံချက်ပါ ဦးစာပေး လုပ်ငန်းကို ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ ပေးပြီး စတင် ဆောင်ရွက်ပေးပါတယ်။ စီမံချက်မှာပါဝင်တဲ့ ကျန်လုပ်ငန်းတွေကို မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ အခြား ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့ အစည်းတွေရဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေနဲ့ ချိတ်ဆက်ပြီး ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းတွေ အလွယ်တကူ ဆောင်ရွက်နိုင်မှာဖြစ်တယ် လို့ ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းက ဆက်လက်ပြောသည်။

ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ကို တာချီလိတ်ခရိုင်အတွင်း ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင်လည်း တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း စသည့် မြို့နယ် သုံးမြို့နယ်ရှိ ကျေးရွာပေါင်း (၃၂)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း ၃၂ ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ကိုစိုင်း(ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

http://www.mdn.gov.mm/index.php/my/ttaakhiilittkhriungattngri-keraa-48-raan-keraaphnphiure-ciimnkinlupngnmaa-cheaangrkmu