လူထု ဗဟိုပြု စီမံကိန်းမှ ပေါက်မြို့နယ်တွင် တည်ဆောက်ထားသော အခြေခံ အဆောက်အအုံနှင့် စာရွက် စာတမ်းများ လွှဲပြောင်း ပေးအပ်

NCDDP’s Completed Infrastructure for Education in Pauk Handed Over to Respective Departments

Magway, 15 November 2020, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ်နဲ့ စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ ရန်ပုံငွေနဲ့ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ အခြေခံ အဆောက်အအုံတွေရဲ့ စာရွက် စာတမ်းတွေ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမမှာ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်းနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင် တို့က ကျေးလက်နေ ပြည်သူတွေ အမှန် တစ်ကယ်လိုအပ်နေတဲ့ ပညာရေးနဲ့ သက်ဆိုင်တဲ့ အခြေခံ အဆောက် အဦးတွေကို ကျေးလက်နေ ပြည်သူတွေနဲ့ အတူ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးတဲ့ အတွက် အထူးပင် ဂုဏ်ယူ ဝမ်းမြောက် ပါကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေးအေးသန်းမှ အခြေခံ အဆောက်အအုံတွေ ရေရှည် တည်တံ့ ခိုင်မြဲ ရေးနဲ့ လည်ပတ် ထိန်းသိမ်းရေး လုပ်ငန်းတွေကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက် လုပ်ကိုင် သွားကြစေလိုကြောင်း ပြောကြားပါတယ်။

ဆက်လက် ပြီးတော့ ဒုတိယ မြို့နယ် ပညာရေးမှူး ဦးဝမ်ကီးကီက ကျေးလက်နေ ကျောင်းသား၊ ကျောင်းသူ လေးတွေ လုံခြုံ စိတ်ချစွာနဲ့ အခြေခံ အဆောက်အအုံတွေ ဆောက်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းကို ပြောကြားပြီး၊ ပညာရေးနဲ့ သက်ဆိုင်တဲ့ အခြေခံ အဆောက်အအုံတွေရဲ့ စာရွက်စာတမ်းတွေကို မြို့နယ် ကျေးလက် ဦးစီးမှူး ဒေါ်အေးအေးသန်းက ပညာရေး ဌာနကို လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

ပေါက်မြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း တတိယနှစ်နဲ့ စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ ရန်ပုံငွေ ငွေကျပ် သန်းပေါင်း ၁၄၂၅ ဒသမ ၁၈ သန်း၊ ကျေးလက်နေ ပြည်သူတွေရဲ့ ထည့်ဝင်ငွေကျပ် သန်းပေါင်း ၁၅၂ ဒသမ ၁၈ သန်းနဲ့ ပညာရေးနဲ့ သက်ဆိုင်တဲ့ အခြေခံ အဆောက်အဦး စုစုပေါင်း ၁၂၀ ဆောက်လုပ် ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Medai Coverage