ရွှေဘိုမြို့နယ်အတွင်းရှိ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

Cash for Work Project Activities in Shwebo Completed 100 Percent

Sagaing, MOI Webportal

ရွှေဘို စက်ဝာင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက် လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ရွှေဘိုမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ Cash For Work စီမံကိန်းကို ရွှေဘိုမြို့နယ်အတွင်းရှိ သာယာအေး၊ ရွာသစ်ကုန်း၊ သစ်ကြီးတော၊ ကုန်းကြီး၊ ထနောင်းဝန်းနှင့် နွားကုတ် ကျေးရွာတို့တွင် ကျေးရွာတွင်း လမ်းခင်းခြင်း၊‌ မြေသားရေကန် တူးဖော်ခြင်း၊ လမ်းဘေးဝဲ/ယာ ရေမြောင်းတူးဖော်ခြင်းနှင့် အခြေခံ အဆောက်အဦများ ဆောင်ရွက်ခြင်း စသည့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို (၇) လပိုင်း ဒုတိယအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ Cash For Work စီမံကိန်းသည် နိုင်ငံတော်၏ ကိုဗစ်ကာလအတွင်း စီးပွားရေး ကုစားမှုအစီအစဉ် တစ်ရပ်ဖြစ်ပြီး ကိုဗစ်ကာလအတွင်း ဝင်ငွေနည်း ကျေးလက်နေ ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်းဝင်ငွေ ရရှိစေကာ ကျေးရွာအခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက် ပေးခြင်း ဖြစ်သည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာတစ်ရွာကို ခွင့်ပြုငွေ ကျပ်သိန်း (၁၀၀) ချထားပေးပြီး မိမိတို့ကျေးရွာ၏ လိုအပ်သော လမ်းခင်းခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်း၊ သောက်ရေကန်များ တူးဖော်ခြင်းနှင့် အခြေခံအဆောက်အဦများ ဆောင်ရွက်ခြင်းကို ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောင်ရွက်ရကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူမှ ပြောကြားခဲ့သည်။

ထွန်းမြင့်အောင်(ရွှေဘို)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.facebook.com/MOIWebportalMyanmar/photos/pcb.3181963161931528/3181961835264994/?type=3&theater