ဆင်ပေါင်ဝဲ မြို့နယ် ကျေးရွာ ၁၀ ရွာတွင် Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးကျော်ဆန်းဌေး၊ ဆင်ပေါင်ဝဲ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇော်မင်းဦးနဲ့ စီမံကိန်း တာဝန်ခံ ဝန်ထမ်းတွေက ကျေးရွာ ကော်မတီဝင်တွေနဲ့ အတူ မွှန်းညောင်ပင်သာ ကျေးရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို စက်တင်ဘာလ ၇ ရက် မနက် ၉ နာရီက ကြည့်ရှု့ စစ်ဆေးပြီး လမ်းရေရှည် တည်တံ့ ခိုင်မြဲရေးအတွက် ဆွေးနွေး မှာကြားခဲ့ပါတယ်။

အဲဒီ မွှန်းညောင်ပင်သာ ကျေးရွာမှာ ကျေးရွာတွင်းလမ်း အရှည် ပေ ၆၀၀ ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မထု ကွန်ကရစ် ခင်းခြင်း လုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် သိန်း ၁၀၀ နဲ့ ကျေးလက်နေ ပြည်သူတွေ ကိုဗစ် -၁၉ ကာလအတွင်း လူမှု စီးပွား ဘဝ ထိခိုက် ဆုံးရှုံးမှုတွေ လျော့နည်း သက်သာ စေဖို့နဲ့ ဝင်ငွေ ရရှိစေဖို့ အတွက် ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် အကောင်အထည် ဖော် ဆောင်ရွက်ပြီး လုပ်အားခ ချက်ချင်း ပေးချေခြင်း စနစ်နဲ့ အကောင် အထည် ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

ဆင်ပေါင်ဝဲ မြို့နယ်အတွင်း Cash for Work စီမံကိန်းကို ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာနှစ် မှာ မွှန်း ညောင်ပင်သာ အပါအဝင် ထောက်မ၊ ဇောင်းတန်းလေး၊ စာရပေ (အရှေ့) ၊ လယ်ကြီးကိုင်း၊ သစ်တဗွေ၊ အင်ပင်လှ၊ ဒဂုံမှော်၊ မြောက်မီးကုန်း၊ သပြေစမ်း စတဲ့ ကျေးရွာ ၁၀ ရွာတို့မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

သတင်း - သန်းလွင် (မကွေး)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage