ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးလှကျော် လှိုင်းဘွဲမြို့နယ်အတွင်း လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးလှကျော်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးထွန်းဇော်ချစ်တို့သည် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းများအား ဩဂုတ်လ ၁၅ ရက်နေ့က ကွင်းဆင်းကြည့်ရှုခဲ့သည်။
 
လူထုဗဟိုပြုစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ထီလုံကျေးရွာအုပ်စု ထီလုံကျေးရွာ မီးကြိုး၊ မီးတိုင်လဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံကိန်းအထောက်အကူပြု ကော်မတီများနှင့် တွေ့ဆုံကာ ရေရှည်တည်တံ့ခိုင်မြဲအောင် လည်ပတ်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
 
အဆိုပါ မီးကြိုး၊ မီးတိုင်လဲလှယ်ခြင်းလုပ်ငန်းသည် ပထမနှစ်စက်ဝန်းနှင့် ဒုတိယနှစ်စက်ဝန်း ၂ နှစ်တာဆောင်ရွက်ခဲ့သည့် ၄၀၀ V ပေ ၉၃၀၀ပေ မီးကြိုးနှင့် မီးတိုင် ၂၂ တိုင် ကို စီမံကိန်းထောက်ပံ့ငွေ ၃၈,၁၉၉,၇၀၀ကျပ်၊ ပြည်သူလူထုထည့်ဝင်ငွေ ၁၈၂၆၆၀၀ကျပ် စုစုပေါင်း ၄၀၀၂၆၃၀၀ကျပ်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းများရဲ့ အနီးကပ်ကြီးကြပ်မှုနှင့် ကျေးရွာပြည်သူများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။
 
ဆက်လက်ပြီး ဝန်ကြီးနှင့် အဖွဲ့သည် အထက်ရေပူကျေးရွာအုပ်စု ထီးလင်းဝင်းသာ ကျေးရွာတွင် နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် (CERP)အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် Cash For Work စီမံကိန်း၏ ရန်ပုံငွေ သိန်း၁၀၀ ဖြင့် ဆောင်ရွက်နေသော ရေမြောင်း တူးဖော်ခြင်းလုပ်ငန်းနှင့် ကျောက်ရောမြေသားလမ်းခင်းခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လှိုင်းဘွဲမြို့နယ် ကျေးလက်ဦးစီးမှူး ဦးစောအောင်မျိုးမြင့်က မြို့နယ်အတွင်း Cash For Work စီမံကိန်းနှင့် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည်များကို မြေပုံနှင့်တစ်ကွ ရှင်းလင်းတင်ပြခဲ့ရာ ဒုဝန်ကြီးမှ လိုအပ်သည့်အကြံဉာဏ်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။