မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ကြံ့ကန်ကျေးရွာတွင် Cash For Work စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဝင်သစ် ရွေးချယ်ဖွဲ့စည်းခြင်း ဆောင်ရွက်

ချောက် ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများကို တုံ့ပြန် ဆောင်ရွက် သည့်အနေဖြင့် မိသားစုဝင်ငွေရရှိရေး Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဝင် ဖွဲ့စည်း ဆောင်ရွက်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကြံ့ကန်ကျေးရွာရှိ ရွာလယ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုး၀င်းက အဖွင့်အမှာ စကားပြောကြားပြီး မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်း က Cash For Work စီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် ကျေးရွာနေပြည်သူများက ဆောင်ရွက် မည့် စီမံကိန်းလုပ်ငန်းများအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။ ယင်း‌နောက်‌ ချောက်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာ ကော်မတီဝင် ၇ ဦးကို တက်ရောက်လာသူများ၏ အများဆန္ဒသဘောထားနှင့် အညီ အတည်ပြုရွေးချယ်ဖွဲ့စည်း ဆောင်ရွက်ပေးခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ကျေးလက်နေပြည်သူ များအနေဖြင့် ၎င်းတို့၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင် ဆောင်ရွက်စေ၍ လုပ်အားခငွေ ထောက်ပံ့ပေးခြင်းဖြင့် မိသားစု ဝင်ငွေတိုးပွားလာစေကာ လူမှုစီးပွား ကဏ္ဍ ဖွံ့ဖြိုးမှု တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် Cash For Work စီမံကိန်းရန်ပုံ‌ငွေဖြင့် ကျေးရွာတစ်ရွာလျှင် သိန်း(၁၀၀)စီကို ချောက်မြို့နယ်အတွင်း ကျေးရွာပေါင်း(၁၂)ရွာတွင် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) သုံးလကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်ထံမှ သိရသည်။

မချို(ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/7/07/2020/id-22927