စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ Cash For Work စီမံကိန်း ကျေးရွာအဆင့်စီမံခန့်ခွဲမှု သင်တန်းဖွင့်

ကလေးဝ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်သော Cash For Work စီမံကိန်း ကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ရာ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း ကျော်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းတို့က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုင်နီလာထွေးက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းမှာ ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ Cash For Work စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ ချက်ခြင်းဝင်ငွေရရှိခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်လာခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများနှင့် လယ်ယာ၊ သား၊ ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ စီမံကိန်းကာလ သုံးလ ကြာမြင့်မည်ဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာနေ ပြည်သူလူထု ကိုယ်တိုင် ရွေးချယ် ဆုံးဖြတ်ကြရမည်။ စီမံကိန်းတွင် ကျေးရွာ တစ်ရွာလျှင် ကျပ်သိန်း ၁၀၀ ထောက်ပံ့၍ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ၄၀ ရာခိုင်နှုန်းကို ပစ္စည်းဝယ်ယူရန်နှင့် ၆၀ ရာခိုင်နှုန်းကို လုပ်အားခ ပေးချေရာတွင် အသုံးပြု ရမည်ဖြစ် သည်။ Cash For Work စီမံချက်တွင် တစ်အိမ်ထောင်လျှင် လုပ်သားအင်အားတစ်ဦး ပျမ်းမျှ ပါဝင်အောင် စီစဉ်ထားပြီး ရွေးချယ်ရေးစံနှုန်းများဖြင့် ဦးစားပေးရွေးချယ်သွားမည်ဖြစ်သည်။

သင်တန်းကို စီမံကိန်း ကျေးရွာများဖြစ်သော စခန်းကြီးကျေးရွာ၊ ဟင်တင်ကျေးရွာ၊ စင်းပဲကျေးရွာ၊ ခေါမကျေးရွာ၊ အုန်းပင်စုကျေးရွာ ၆ ရွာမှ သင်တန်းသား ၄၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်ဟန် (ကလေးဝ)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/15/07/2020/id-23904